ဘုရားပွဲစျေးတန်းတွင် ၆ဘီးကား ဘရိတ်ပေါက်ပြီး လူအုပ်အတွင်း ဝင်တိုက်

ဘုရားပွဲစျေးတန်းတွင် ၆ဘီးကား ဘရိတ်ပေါက်ပြီး လူအုပ်အတွင်း ဝင်တိုက်
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၃ ။          ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ၊ ရွှေကြီးမြင့်ဘုန်းကြီးကျောင်း ဘုရားပွဲဈေးတန်းတွင် ၆ ဘီး Faw ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လူအုပ်အတွင်း ဝင်ရောက်တိုက်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၂ဝ ဦးထိ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ယာဉ်အား အုတ်ဖိုမြို့နယ်၊ ဒီးတူးပင်အနောက်စုကျေးရွာတွင်နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် တင်မောင်ဝင်းဆိုသူမောင်းနှင်လာခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် စိန်ကန့်လန့်ကျေးရွာ ၊မင်းလှမြို့နယ်နေသူ အသက် ၄ဝ အရွယ် ခင်မာလာအပါအဝင်  ၅ ဦး (ကျား ၂၊ မ ၃ ဦး)တို့တွင် ဦးခေါင်း/နောက်စေ့ချိုင့်ဝင် ညိုမဲ၊ နား/နှာခေါင်း သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုမှာ ဒီဇင်ဘာလ ၂ ရက်၊ ည ၇ နာရီ၊ ၄၅ မိနစ်ခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှု ကြောင့် နောက်စေ့ပေါက်ပြဲ၊ ပါး/နှာခေါင်း/နဖူး ဖူးရောင်၊ ဆီးခုံညိုမဲ၊ ရင်ဘတ်အောင့်ဒဏ်ရာများရရှိခဲ့သည့် လူ ၂ဝ ဦးတို့အား မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

အဆိုပါ ၂ဝ ဦးထဲမှ မင်းလှမြို့နယ်၊ ရွှေစံပြည့်ရွာနေ အသက် ၂၆ နှစ်အရွယ် သန့်ဇင်အောင်အပါအဝင် ၆ ဦး(ကျား ၂၊ မ ၄ ဦး)မှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

လက်ရှိတွင် အဆိုပါ ယာဉ်အား မောင်းနှင်လာသူ  တင်မောင်ဝင်းအား မင်းလှမြို့မရဲစခန်းယာဉ်တွင် (ပ) ၅ဝ/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့်လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု) စသည့် ပုဒ်မ ၃ ခု ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly