ရှမ်းလက်နက်ကိုင်များအကြားတိုက်ပွဲဖြစ်နေမှုကို တွေ့ဆုံဆွေးနွေးသွားမည်ဟု SSPP ထုတ်ပြန်

ရှမ်းလက်နက်ကိုင်များအကြားတိုက်ပွဲဖြစ်နေမှုကို တွေ့ဆုံဆွေးနွေးသွားမည်ဟု SSPP ထုတ်ပြန်

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။          ။ ရှမ်းလက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားနေမှုများကို တွေ့ဆုံဆွေးနွေးသောနည်းလမ်းများဖြင့် ဆက် လက်လုပ်ဆောင်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကျင်းပခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပါတီ ကွန်ဂရက်အစည်းအဝေးအပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် ရဟန်းသံဃာ မိဘပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းချက်များကို အလေးထားပြီး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည်” ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလာသော ပဋိပက္ခများ မဖြစ်ပွားစေရန် တွေ့ဆုံဆွေးနွေးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော်လည်း မိမိတို့ တိုက်တွန်းဆွေးနွေးသည့်ကိစ္စများ ဖြစ်ပေါ်လာခဲ့ခြင်းမရှိဟု SSPP ဘက်က ပြောဆိုခဲ့သည်။

ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ၊ စစ်ဘေးရှောင်ပြည်သူများ များပြားလာနေခဲ့သည်။

RCSS နှင့် SSPP တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် နယ်မြေ အငြင်းပွားမှုများနှင့် သက်ဆိုင်နေပြီး SSPP ဘက်က RCSS တပ်ဖွဲ့များကို ရှမ်းပြည်မြောက်ပိုင်းဒေသများမှ ထွက်ခွာသွားရန် အဆိုပြုထားခြင်းများလည်း ရှိနေသည်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ သီပေါနှင့် မိုင်းကိုင်မြို့နယ်တို့သည် SSPP တပ်ဖွဲ့ဝင်များသာမက RCSS တပ်ဖွဲ့ဝင် များပါ သွားလာလှုပ်ရှားနေသည့် ဒေသများဖြစ်ပြီး မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလေ့ရှိနေသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံများလည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required