ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ကျော်ကျော်မျိုးက အရွယ် ၂ မျိုးနှင့် သရုပ်ဆောင်ရမည်

ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ကျော်ကျော်မျိုးက အရွယ် ၂ မျိုးနှင့် သရုပ်ဆောင်ရမည်
Photo-Thura

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။            ။ ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ရမည့် ကျော်ကျော်မျိုး၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အရွယ် ၂ မျိုးနှင့် သရုပ်ဆောင်ရမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီသတ္တမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောရရင် ကိုကျော်ကျော်မျိုးက ချွတ်စွပ်ပဲ။ အရပ်အမောင်းရော၊ အသား အရောင်ရော ချွပ်စွပ်ပဲ။ အသက်ကလေး ၃၆ ဖြစ်နေသော်လည်း ဒါက ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ ဗိုလ်ချုပ် နေရာက သရုပ်ဆောင်ရမှာက အသက်အရွယ် ၃ မျိုး သရုပ်ဆောင်ရမှာ ဖြစ်တယ်။ ၅ နှစ်သားအရွယ် တစ်ချို့ အခန်းလေးတွေ ပါ ပါတယ်။ ၁၅ နှစ်သားအရွယ် တက္ကသိုလ်အောင်မြင်စအရွယ် ၁၅/၁၆ အရွယ် ပါ ပါတယ်။ နောက်တပ်မတော်ရဲ့ ဖခင်၊ အမျိုးသားနိုင်ငံရေးခေါင်းဆောင်ဘဝနဲ့ ရင့်ကျက်တဲ့ အစိတ်/ သုံးဆယ် အရွယ်၊ ပါမှာပါ။ ဒီလိုကဏ္ဍ ၃ ခုနဲ့ သရုပ်ဆောင်ရမှာ။ ဒါကလည်း မိတ်ကပ်နဲ့ပါ။ နိုင်ငံခြားက မိတ်ကပ်ပညာရှင် များရဲ့ အကူညီလည်း ယူသင့်တယ်လို့ ထင်ပါတယ်။ ပညာရှင်တွေနဲ့ ဆွေးနွေးတော့ မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်းက သူတာဝန်ယူပါတယ်။ လုံးဝချွတ်စွပ်တူရပါစေမယ်တဲ့။ ဒီမှာကြည့်ရင်တော့ ဗိုလ်ချုပ်နဲ့ ချွတ်စွပ်အတူဆုံးကို သူ လုပ်နိုင်တယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

အစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပြီး လူမင်း၊ ကျော်ကျော်မျိုးနှင့် အခြားသက်ဆိုင်သူများ တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သော် လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၅ နှစ်တာကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်း မရှိသောကြောင့် သာသနာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့တာ တစ်နှစ်ခန့် ရှိနေပြီလည်း ဖြစ်သည်။  

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးရိုက်ကူးခြင်း၊ ၂၀၂၀ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန်အတွက် ၆ နှစ်တာ စောင့်ဆိုင်းနေရပြီး ကြားကာလများတွင် ဝေဖန်သံ အမျိုးမျိုး ရှိခဲ့သော်လည်း ရိုက်ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် ပါဝင်သရုပ်ဆောင်မည့် ကျော်ကျော်မျိုးကလည်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required