မူးယစ်ရာဇာကြီး ပါဘလို အက်စ်ကိုးဘားရဲ့ အရိပ်ဆိုးအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ မက်ဒဲလင်း မြို့တာဝန်ရှိသူများ

မူးယစ်ရာဇာကြီး ပါဘလို အက်စ်ကိုးဘားရဲ့ အရိပ်ဆိုးအောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ မက်ဒဲလင်း မြို့တာဝန်ရှိသူများ

ဒီဇင်ဘာ ၂ ။           ။ ကိုလံဘီယာနိုင်ငံက နာမည်ကျော်မူးယစ်ရာဇာကြီး ပါဘလို အက်စ်ကိုးဘားကတော့ လူသာ သေသွားသွားပေမယ့် ၎င်းရဲ့ နာမည်ဆိုးကြီးက ခုချိန်ထိ နိုင်ငံတကာမှာ လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။

ခုဆိုရင် သူ သေသွားတာ ၂၅ နှစ် ရှိပြီ ဆိုပေမယ့် သူ့ရဲ့ မကောင်းတဲ့ အမွေအနှစ်တွေကတော့ သူကျင်လည်ခဲ့တဲ့ ကိုလံဘီယာနိုင်ငံ မက်ဒဲလင်းမြို့မှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။

တကယ်တော့ အက်စ်ကိုးဘား ဆိုတာက “the king of Cocaine” လို့ တင်စားခံရတဲ့အထိ မူးယစ်မှောင်ခိုလောကမှာ နေလို လလို ထင်ရှားခဲ့သူ ဖြစ်ပြီး ရာဇဝတ်သားတွေထဲမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ခဲ့သူပါ။

အက်စ်ကိုးဘားကိုတော့ သူ့ရဲ့ ၄၄  နှစ်ပြည့် မွေးနေ့အပြီး နောက်တစ်နေ့ ၁၉၉၃ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာ ကိုလံဘီယာရဲတပ်ဖွဲ့က မက်ဒဲလင်းမြို့ နေအိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်မှာ အသေပစ်သတ်ခဲ့တာဖြစ်ပါတယ်။ သူမသေခင် ငါးလလောက်တုန်းကမှ သူဟာ Forbes magazine ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ပါဝင်ထားခဲ့ပါသေးတယ်။

ခုချိန်မှာတော့ မူးယစ်ရာဇာကြီး အက်စ်ကိုးဘား မသေဆုံံးခင် နေထိုင်သွားခဲ့တဲ့ မက်ဒဲလင်းမြို့က အိမ်ကြီးကို ဖြိုဖျက်ပစ်ဖို့ မြို့အာဏာပိုင်တွေက ပြင်ဆင်နေသည့်တိုင် သူ့ကို ခုချိန်ထိ လွမ်းဆွတ်အောက်မေ့တမ်းတနေကြသူတွေကလည်း ရှိနေပြန်ပါသေးတယ်။ သူတို့ကတော့ အက်စ်ကိုးဘား မသေခင်က အနီးအနား ရပ်ကွက်တစ်ခုမှာ သူဆောက်ပေးသွားတဲ့ အိမ်တွေမှာ လက်ရှိအချိန်ထိ နေထိုင်နေကြသူတွေ ဖြစ်ကြပြီး ၎င်းတို့ကတော့ ယနေ့ ဒီဇင်ဘာ ၂ ရက်မှာပဲ အက်စ်ကိုးဘား ကွယ်လွန်ခြင်း အထိမ်းအမှတ် အောက်မေ့လွမ်းဆွတ် ချီးကျူး ဂုဏ်ပြုဖို့ စီစဉ်နေကြပါတယ်။

အက်စ်ကိုးဘား နေထိုင်သွားခဲ့တဲ့ ရှစ်ထပ် အဆောက်အအုံကြီးကတော့  သူ သေပြီးကတည်းက ပြုပြင်ထိန်းသိမ်းမှု မရှိလို့ ယိုယွင်းပျက်စီးမှုတွေ ရှိနေခဲ့ပါတယ်။

ယခုအခါ အဆိုပါ အဖြူရောင် အဆောက်အဦးကြီးကိုတော့ လာမယ့် ဖေဖော်ဝါရီလအတွင်း ဖြိုချဖို့ စီစဉ်ထားပါတယ်။

“ ဒီ အိမ်ကြီးက မကောင်းတဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်၊ ဘာလို့ဆိုတော့ ဒီနေရာမှာ နေသွားကြသူတွေက ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေဘက်ကနေ ရပ်တည်သွားကြသူတွေဖြစ်လို့ပါ၊ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ ကလေးတွေကို သူတို့ကြီးလာရင် ပါဘလို အက်စ်ကိုးဘားလို ဖြစ်ချင်တယ်ဆိုပြီး ပြောတာမျိုး မဖြစ်စေချင်ပါဘူး” ဆိုပြီး
မြို့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မန်နျူရယ် ဗီလာက ပြောသွားပါတယ်။

ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အဆိုပါ အဆောက်အအုံကြီးကို ဖြိုချပြီးရင်တော့ ယင်းရဲ့နေရာမှာ အများပြည်သူပိုင် ပန်းခြံတစ်ခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required