ကြမ်းကြုတ်သည့်လုပ်ရပ်များကို ခွင့်ပြုနေသည့်လူမျိုးအဖြစ် ပုံဖော်နေမှုကို ချေဖျက်နိုင်ရန်လိုဟု ဒေါက်တာမျိုးညွန့်ပြော

ကြမ်းကြုတ်သည့်လုပ်ရပ်များကို ခွင့်ပြုနေသည့်လူမျိုးအဖြစ် ပုံဖော်နေမှုကို ချေဖျက်နိုင်ရန်လိုဟု ဒေါက်တာမျိုးညွန့်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။            ။ အပြည်ပြည်ဆိုင်ရာမီဒီယာများတွင် မြန်မာလူမျိုးသည် ရိုင်းစိုင်းကာ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ခွင့်ပြုနေသည့် လူမျိုးအဖြစ် ပုံဖော်နေခြင်းကို ပြည်တွင်း၊ ပြည်ပရှိ ပြည်သူအားလုံးက ချေဖျက်နိုင်ရန်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က ပြောသည်။

“အပြည်ပြည်ဆိုင်ရာမီဒီယာကိုဖွင့်ကြည့်လိုက်တာနဲ့ မြန်မာလူမျိုးဟာ ရိုင်းစိုင်းတယ်။ လူသားတန်ဖိုးမရှိဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးတစ်မျိုးအဖြစ် ပုံဖော်နေတာကို တွေ့ရပါတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာလူမျိုးအားလုံး ဒါကို ချေဖျက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားဖို့ လိုတယ်။ အမျိုးသားအောင်ပွဲနေ့ဟာ ဒီလို လုပ်ဆောင်မှုအတွက် သတ်မှတ်လိုက်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု အမျိုးသားနေ့အောင်ပွဲနှင့် ပတ်သက်ပြီး ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ သော  ၉၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် မီဒီယာများကို ပြောခဲ့ခြင်း ဖြစ်သည်။

၁၉၂၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား ၁၁ဦး ခေါင်းဆောင်မှုဖြင့် အမျိုးသားပညာရေးနှင့်ပတ်သတ် သော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နှင့် ကျောင်းသားထုအားလုံး၏ ဆန္ဒသဘောထားကို ကန့်သတ်ချုပ်ချယ် သည့် ဗြိတိသျှကိုလိုနီကျွန်ပညာရေးအပါအဝင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်း ဆန့်ကျင်ရေးသပိတ် တိုက်ပွဲမှ အမျိုးသားနေ့အောင်ပွဲဖြစ်ပေါ်လာခဲ့ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD အစိုးရအနေဖြင့် အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ပြည်သူလူထု၏ထောက်ခံမှုအစဉ်လာကောင်းကို ဆက်လက်ခံယူပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ အောင်မြင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၉၈ နှစ် မြောက် အမျိုးသားနေ့အောင်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယနေ့ အခမ်းအနားသို့ နာယကကြီး သူရဦးတင်ဦး၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွှန့်၊ ဦးသိန်းဦး၊ ဒေါက်တာမေဝင်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဘင်္ဂါလီဒုက္ခသည်များ သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားမှုကို မြန်မာနိုင်ငံမှ လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေသည်ဟု စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့ည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly