ယိုင်စောင်းနေတဲ့ ကမ္ဘာကျော် Pisa မျှော်စင်ကြီးကို တည့်မတ်အောင် အင်ဂျင်နီယာတွေ ဘယ်လိုတွေ လုပ်နေကြသလဲ

ယိုင်စောင်းနေတဲ့ ကမ္ဘာကျော် Pisa မျှော်စင်ကြီးကို တည့်မတ်အောင် အင်ဂျင်နီယာတွေ ဘယ်လိုတွေ လုပ်နေကြသလဲ

ဒီဇင်ဘာ ၂ ။             ။ အီတလီနိုင်ငံမှာ Pisa မြို့မှာရှိတဲ့ ယိုင်စောင်းနေတဲ့့ ကမ္ဘာကျော် ပီဆာ မျှော်စင် Pisa Tower ကြီးကို တိမ်းစောင်းမှုနှုန်း လျော့ကျလာစေဖို့အတွက် အင်ဂျင်နီယာတွေ နှစ်များစွာချီ အားထုတ်ကြိုးပမ်းနေခဲ့ကြရပါတယ်။

ယခုဆိုရင် အဆိုပါ အင်ဂျင်နီယာတွေရဲ့ အပြင်းအထန် အားထုတ်လုပ်ကိုင်မှုတွေကြောင့် စောင်းနေတဲ့ ပီဆာ မျှော်စင်ကြီးရဲ့ ယိုင်စောင်းမှု အတိုင်းအတာကို လျော့ချထားနိုင်ပြီ ဖြစ်ပါတယ်။

“ ခုထိတော့ တည့်မတ်အောင် လုပ်နေကြဆဲပါ၊ ပြီးတော့ နှစ်တွေအကြာကြီး ဖြတ်သန်းရဦးမှာပေါ့” ဆိုပြီး အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ရောဘတ်တို ဆယ်လာက အီတလီမြောက်ပိုင်းမှာရှိတဲ့ အဆိုပါ မျှော်စင်ကြီးကို ငေးကြည့်ရင်း ပြောပါတယ်။

အဆိုပါ အထင်ကရ အဆောက်အအုံကြီးကတော့ ယခုအခါမှာ အင်ဂျင်နီယာတွေရဲ့ အားထုတ်ပြုပြင်ထိန်းသိမ်းမှုကြောင့် တိမ်းစောင်းမှု လျော့ကျသွားပြီ ဖြစ်ပါတယ်။

ကံကောင်းတာကတော့ နှစ်စဉ်နှစ်တိုင်း ယင်း မျှော်စင်ကြီး ရှိရာနေရာကို ခရီးသွားသန်းနဲ့ချီ လာရောက်လည်ပတ်နေကြရာမှာတော့ အမြင့် ၅၇  မီတာ (၁၈၆ ပေ)ရှိ ယင်းမျှော်စင်ကြီးကို လှပခန့်ညားစွာ ရှိနေဆဲဖြစ်ပါတယ်။

ယင်းကိုတော့ လွန်ခဲ့တဲ့ ၁၁၇၃ ခုနှစ်က ခေါင်းလောင်းမျှော်စင်တစ်ခုအနေနဲ့ စတင်တည်ဆောက်ခဲ့ပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ တစ်ဘက်ကို တိမ်းစောင်းသွားခဲ့တာဖြစ်ပါတယ်။  ရွှံ့စေးမြေမှာ ဆောက်ခဲ့တဲ့အတွက် အောက်ခံမြေသားဟာ ပျော့ဝင်ပြီး မျှော်စင်ဟာ တစ်ဘက်ကို တိမ်းစောင်းကျသွားခဲ့တာဖြစ်ပါတယ်။

ယင်းမျှော်စင်ကြီးကိုတော့ ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီမှာ လုံခြုံရေးအခြေအနေအရ ပိတ်ထားခဲ့ရပါတယ်။ ယင်းအချိန်က မျှော်စင်ရဲ့ တိမ်းစောင်းမှုအတိုင်းအတာက ထောင့်မှန် မျဉ်းမတ်ကနေ ၄ ဒသမ ၅ မီတာအထိ ရောက်သွားခဲ့တဲ့အတွက် တစ်ဘက်ကို လဲကျသွားတော့မယ့် အန္တရာယ်မျိုးအထိပါ မြင်တွေ့ခဲ့ရပါတယ်။

“ အဲဒီတော့ ကျွန်တော်တို့က မျှော်စင် စောင်းတဲ့ဘက် မဟုတ်တဲ့ အခြမ်းမှာ မြေအောက် ဥမင် ပြွန်တွေ တပ်ဆင်တည်ဆောက်ခဲ့ရပါတယ်၊ ကျွန်တော်တို့ မြေသားကို သေချာလေး ဂရုတစိုက် တူးပြီး ဖယ်ရှားခဲ့ရပါတယ်၊ အဲဒီလို လုပ်တဲ့စနစ် ကောင်းကျိုးကြောင့် မျှော်စင်ရဲ့ တိမ်းစောင်းမှု ဒီဂရီကို ထက်ဝက်လောက် ကျွန်တော်တို့ ပြန်မတ်အောင် လုပ်နိုင်ခဲ့ပါတယ်” ဆိုပြီး အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဆယ်လာက ပြောပြပါတယ်။

ဒါ့အပြင် Pisa တက္ကသိုလ်က အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကထိကတစ်ဦးဖြစ်တဲ့ နန်ဇီယန်တီ စကွယ်ဂလီရာကတော့ ယင်း ပီဆာ မျှော်စင်ကြီးကို နှစ်ပေါင်း ၂၅
နှစ်ကြာ လေ့လာတိုင်းတာနေခဲ့ပါတယ်။

၎င်းရဲ့ အဆိုအရလည်း ယင်း ပီဆာ မျှော်စင်ကြီးဟာ ၂၀၀၁ ခုနှစ်နောက် အင်ဂျင်နီယာတွေရဲ့ ထိန်းသိမ်းမှုကြောင့် ၄၁ စင်တီမီတာ ပြန်တည့်မတ်လာပြီး ယင်းနောက်မှာ နောက်ထပ် ၄ စင်တီမီတာ ထပ် တည့်မတ်လာခဲ့တယ်လို့ သိရပါတယ်။

တန်ချိန်ပေါင်း ၁၄,၅၀၀ ရှိ ယင်း မျှော်စင်အဆောက်အအုံကြီး ဘယ်လိုတွေ ရွေ့နေသလဲ သိရအောင် တိုင်းတာတွက်ချက်မှုတွေကိုတော့ တစ်နာရီ တစ်ခါကြာ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

“ ဒီမျှော်စင်က နွေကာလမှာတော့ ပုံရွေ့ပြီး တိမ်းစောင်းမှု ပြန်လျော့သွားပုံ ရပါတယ်၊ ဒါကတော့ ရာသီဥတု ပူတဲ့အချိန်မှာပေါ့၊ ဘာလို့ဆိုတော့ ဒီ မျှော်စင်က တောင်ဘက်ကို တိမ်းစောင်းနေတယ်၊ အဲဒီတော့ တောင်ဘက်ခြမ်းက ပူနွေးလာတော့၊ ကျောက်တုံးတွေလည်း ပြန့်ကားလာတယ်လေ၊ ဒီလို ကျောက်သားပြန့်ကားလာမှုကြောင့် မျှော်စင်ကာ တိမ်းစောင်းမှု လျော့ပြီး မတ်လာတာပေါ့” ဆိုပြီး စကွယ်ဂလီယာက ပြောသွားပါတယ်။

ယခုလို အင်ဂျင်နီယာတွေရဲ့ အားထုတ်မှုကြောင့် ယင်း ပီဆာမျှော်စင်ကြီးကတော့ အလွန်အကျွံ တိမ်းစောင်းမှုကနေ ပြန်လည်လျော့ကျသွားအောင် ထိန်းသိမ်းထားနိုင်လျက် ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required