လူအဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ အဆုံးသတ်ရေး ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရန် ဒေါ်အောင်ဆန်းစုကြည် ဆော်သြ

လူအဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ အဆုံးသတ်ရေး ငြိမ်းချမ်းရေးယဉ်ကျေးမှု ထွန်းကားရန် ဒေါ်အောင်ဆန်းစုကြည် ဆော်သြ
Photo-AFP

မြန်မာနိုင်ငံ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက်  ‘ငြိမ်ချမ်းရေး ယဉ်ကျေးမှု’ ထွန်းကားရေးကို စနေနေ့မှာ တိုက်တွန်းဆော်သြခဲ့ပါတယ်။

အာရှ-ပစိဖိတ် အစည်းအဝေးကျင်းပရာ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှာ Unification Church နဲ့ ချိတ်ဆက်မှုရှိတဲ့ Universal Peace Foundation ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာအစည်းအဝေးရဲ့ အဓိကမိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ပဋိပက္ခတွေရဲ့ အခြေခံအုတ်မြစ်ကို ကြည့်လိုက်ရင် နာကျင်ထိခိုက်စေလို၊ ဖျက်ဆီးစေလိုတဲ့ မကောင်းတဲ့ စိတ်ဆန္ဒသဘောထားတွေကနေ အခြေတည်တာပဲ ဖြစ်ပါတယ်။ ဒီ မကောင်းတဲ့ စိတ်နေစိတ်ထားတွေဟာ ပဋိပက္ခဆီ ဦးတည်လမ်းဖွင့်ပေးပါတယ်။ ဒီပဋိပက္ခတွေကြောင့်ပဲ အမုန်းတရားနဲ့ အကြောက်တရားတွေ အသစ်တစ်ဖန် ဖြစ်ပေါ်ပြီး သံသရာလည်နေကာ ငြိမ်းချမ်းရေး လင်းရောင်ခြည်ကို အမှောင်ဖုံးပစ်နေတော့တာ ဖြစ်ပါတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ အပြန်အလှန် ချမ်းသာကြွယ်ဝရေးတို့ကို ပူးပေါင်းအင်အားနဲ့ ရှာဖွေဖော်ထုတ်သွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုပါတယ်။

“ကျွန်းကိုင်းမှီ ကိုင်း ကျွန်းမှီ ဒီကမ္ဘာမှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို အားပေးမြှင့်တင်ခြင်းကသာ မတူညီတဲ့ နိုင်ငံတွေ၊ မတူညီတဲ့ လူအဖွဲ့အစည်းတွေကြားမှာ သဟဇာတမျှတဲ့ အခင်းအကျင်းကို ဖန်တီးပေါ်ပေါက်စေနိုင်မှာ ဖြစ်ပါတယ်။”ဆိုပြီး နို်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly