ဖားကန့်တွင် စိတ်ကြွဆေးပြား ၃ သိန်းခွဲနီးပါးနှင့် ဘိန်းဖြူများဖမ်းဆီးရမိ

ဖားကန့်တွင် စိတ်ကြွဆေးပြား ၃ သိန်းခွဲနီးပါးနှင့် ဘိန်းဖြူများဖမ်းဆီးရမိ
ဓာတ်​ပုံ- ပြည်​ထဲ​ရေး

ရန်ကုန်၊ ဒီဇင်ဘာလ ၁ ။             ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁/၂၃၉) နေအိမ်အား ဝင်ရောက် ရှာဖွေရာမှတဆင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းခွဲနီးပါးနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ဆိပ်မူကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁/၂၃၉) နေအိမ်တွင်နေထိုင်သည့် ဝင်းခိုင်ဆိုသူ လက်ထဲ မှ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၂ဝဝ ပြား သိမ်းဆည်းရမိခဲ့ပြီးနောက် ကွင်းဆက်အရ အဆိုပါ ဆေးပြားများ ရောင်းချပေးသူ အားဆန်း(ခ)စိန်ဝင်းဆိုသူ ရောက်ရှိလာသဖြင့် ၎င်းကိုပါ ရှာဖွေခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဆေးပြားများ ရောင်းချပေးသူ အားဆန်း(ခ)စိန်ဝင်းဆိုသူအား ရှာဖွေခဲ့ရာ ၎င်း၏လွယ်အိတ်ထဲမှ ဆပ်ပြာခွက် ၁၈ ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူအလေးချိန် သုညဒသမ ၁၈ ကီလို သိမ်းဆည်းရမိခဲ့သည်။

အားဆန်း(ခ)စိန်ဝင်းဆိုသူအား စစ်ဆေးပေါ်ပေါက်ချက်အရ နိုဝင်ဘာလ ၃ဝ ရက်၊ ည ၁ဝ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မူးယစ်ရဲတပ်ဖွဲ့မှ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ၊ အမှတ်(စီ/၁ဝ၃)ရှိ ၄င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိပ်ခန်းထဲရှိ အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၉၇ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃ ဒသမ ၉၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၄ဝ,ဝဝဝ ပြားနှင့် ဘိန်းဆီခဲ ၁၁ ဒသမ ၂ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိခဲ့သည့် အသက် ၄၁ နှစ်အရွယ် ဝင်းခိုင်နှင့် အသက် ၄၃ နှစ်အရွယ် အားဆန်း(ခ)စိန်ဝင်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required