စစ်ကိုင်းကောင်းမှုတော်စေတီ ၃လ နှင့်အပြီး အဖြူဆေးသင်္ကန်း ပြန်ကပ်လှူမည်

စစ်ကိုင်းကောင်းမှုတော်စေတီ ၃လ နှင့်အပြီး အဖြူဆေးသင်္ကန်း ပြန်ကပ်လှူမည်

စစ်ကိုင်း၊ ဒီဇင်ဘာ ၁ ။           ။ စစ်ကိုင်းမြို့၊ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး၏ လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်းအဖြစ် ပြောင်းလဲကပ်လှူပူဇော်ခြင်းလုပ်ငန်းကို လာမည့်ရက်များအတွင်း စတင်တော့မည် ဟု သိရပြီး ၃လ နှင့်အပြီး လုပ်ဆောင်မည်ဟု ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောသည်။

ကနဦးအစီအစဉ်အရ ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်လုပ်ဆောင်ရန် ကြေညာထားသော်လည်း အခြေအနေ အရပ်ရပ်ကြောင့် လုပ်ငန်းမစသေးဘဲ တစ်ပတ်အတွင်း လုပ်ငန်းစတင်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“ ဒီဇင်ဘာလ ၁၀ ရက်ကြမှ ဆရာတော်ဘုရားကြီးနဲ့ ဂေါပကတွေအပါအဝင် ကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီးမှ လုပ်ငန်း စတင်အကောင်ထည်ဖော်မှာ ဖြစ်ပါတယ်။ အောက်ခြေတွေမှာ အလုပ်သမားတွေနဲ့ လုပ်ငန်းစတင်မဲ့ အခြေ အနေ ဖြစ်ပါတယ်။ ၃လ နဲ့ အပြတ်ဖြတ်နိုင်အောင် ကုမ္ပဏီနဲ့ စာချုပ် ချုပ်မှာပါ။ တပေါင်းလပြည့်နေ့အမီ အပြီး လုပ်ဆောင်မှာပါ” ဟု ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောသည်။

ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး၏ လက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်းအဖြစ် ပြောင်းလဲကပ်လှူပူဇော်ရန်အတွက် အဆိုပြုလွှာတင်ထားသောကုမ္ပဏီများထဲမှ အောင်ပြည်တန်ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး၊ အဖြူရောင်ဆေးသင်္ကန်းပြောင်းလဲကပ်လှူပူဇော်မှုကိူ သီတဂူဆရာတော်ဘုရားကြီး၏ မွေးနေ့ လာမည့် (တပေါင်းလပြည့်)နေ့ အမီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကောင်းမှုတော်စေတီဂေါပက ဒုဥက္ကဋ္ဌ ဦးနီတင်က ပြောသည်။

အဖြူရောင်ဆေးပြန်လည်ကပ်လှူပူဇော်ရန်အတွက် လက်ရှိ ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်း၊ ရေဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ Flexible Protective Coating (Map elastic)သုတ်လိမ်းခြင်း၊ Elastocolour Paint Plus အား သုတ်လိမ်းခြင်း တို့ ပြုလုပ်သွားရမည်ဖြစ်ပြီး အီတလီနိုင်ငံထုတ် အဆင့်မြင့် အဖြူရောင် ဆေးပစ္စည်းဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၇၁၀၀၀ ကျော် နှင့် ဆေးသုတ်လုပ်အားခမှာ ကျပ်သိန်း ၁၃၀၀ ခန့် ကုန်ကျမည် ခန့်မှန်းထားကြောင်း သိရသည်။

အဆိုပါကုန်ကျငွေများအတွက် အလှူရှင်များ လှူဒါန်းငွေနှင့် ဘုရား ဘဏ္ဍာငွေများထဲမှ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

ကောင်းမှုတော်စေတီမှာ နဂိုမူလက အဖြူဆေးသင်္ကန်းသာ ကပ်လှူပူဇော်ပြီး ၂၀၁၀ ခုနှစ်ခန့်တွင် လုံးတော် ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ပြောင်းလဲပူဇော်ခဲ့သောကြောင့် ကန့်ကွက်မှုများ တွေ့ကြုံခဲ့ရပြီး နောက် ၂၀၁၈ ခုနှစ်တွင်မှ  မူလ အဖြူဆေးသင်္ကန်း ပြန်လည်ကပ်လှူရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly