ယောက်ျားလေးလည်းအချော့ကြိုက်ပါတယ်လို့ ပြောလာတဲ့ G-Fatt

ယောက်ျားလေးလည်းအချော့ကြိုက်ပါတယ်လို့ ပြောလာတဲ့ G-Fatt

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် ။            ။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ချစ်သူနဲ့စိတ်ဆိုးနေတယ်ဆိုတဲ့အကြောင်းကို ရေးသားခဲ့တာနဲ့ပတ်သက်ပြီး  ယခုအခါ ချစ်သူနဲ့ပြန်လည်အဆင်ပြေသွားပြီဖြစ်ကြောင်းနဲ့ ယောက်ျားလေးလည်းအချော့ကြိုက်ပါတယ်လို့ အဆိုတော် G-Fatt က မီဒီယာတွေကို အရွှန်းဖောက်ပြီး ပြောခဲ့ပါတယ်။

 
''ဒီတစ်ခေါက်ချော့တော့ချော့လိုက်ရတာပေါ့။ မိန်းကလေးဆိုတာတော့ အချော့ကြိုက်တာပေါ့။ ယောက်ျားလေး တွေလည်း အချော့ကြိုက်ပါတယ်လို့ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကပဲချော့နေရတာ မဟုတ် သေးဘူးလေ။''လို့ G-Fatt ကအရွှန်းဖောက်ပြီးပြောခဲ့ပါသေးတယ်။

 ချစ်သူနဲ့စိတ်ဆိုးနေတယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တဲ့အတွက် ၄င်းတို့ချစ်သူနှစ်ဦးကို ချစ်ခင်အားပေးကြတဲ့ပရိသတ်ကပါ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ပြန်လည်အဆင်ပြေသွားကြပြီလို့ သိရပါတယ်။

 ''ချစ်သူနဲ့အခုတော့အဆင်ပြေသွားပါပြီ။ အဲဒီတုန်းကတော့အဆင်မပြေဖြစ်ခဲ့ကြတယ်။ အမှန်အတိုင်းပြောရရင် အဲ့ဒီအကြောင်းတွေပြန်မပြောချင်တော့ပါဘူး။ ကျွန်တော်ပြန်ရှင်းပြနေရင်လည်း ဘယ်သူ့အတွက်မှ အကျိုး မရှိဘူးဆိုတော့။ ကျွန်တော့်ပရိသတ်တွေအတွက်ရော၊ သူ့အတွက်ရောသိပ်ပြီး အကျိုးရှိမယ် ထင်တဲ့ ပြဿနာ မဟုတ်ဘူးပေါ့။ အခုလိုအေးအေးဆေးဆေးနဲ့ပြီးဆုံးသွားတဲ့အတွက်လည်း ကျွန်တော်ရော၊ သူရောက ပရိသတ် တွေ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဘက်ကလွန်ခဲ့တာရှိတာ၊ မှားခဲ့တာရှိတာကိုလည်း ပရိသတ် ကြီးကိုတောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။''လို့ G-Fatt ကပြောပါတယ်။

 G-Fatt ဟာ လတ်တလောမှာတော့ One Man Show ပွဲတွေမှာ သီဆိုခဲ့တဲ့သီချင်းအပုဒ် ၃၀ ကျော်ထဲက ၁၂ ပုဒ်ခန့်ကို စိတ်ကြိုက်ရွေးချယ်ပြီး Live Show အခွေထုတ်ဖို့လုပ်နေပါတယ်။ဒါ့အပြင် အခြားစီးပွားရေး လုပ်ငန်း တွေ လုပ်ဖို့လည်း စဉ်းစားထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အနုပညာဘက်မှာ အားလျော့သွားမှာကို စိုးရိမ်တဲ့အတွက် အကောင်အထည်မဖော်ဖြစ်သေးဘူးလို့လည်း ဆိုပါတယ်။

 ''အခုလောလောဆယ်ကတော့ အနုပညာလုပ်ငန်းတွေနဲ့ပဲ ပြည့်နှက်နေတယ်။ ကျွန်တော့်ရဲ့တတိယအခွေ Live Show အခွေထွက်ချင်တယ်။ နောက်ထပ်ရန်ကုန်မှာဖြစ်ဖြစ်၊ မန္တလေးမှာဖြစ်ဖြစ် One Man Show လေး သွား လုပ်ချင်တယ်။ ဒီလိုအိပ်မက်လေးတွေ ရှိနေသေးတော့ ပြည့်အောင်ကြိုးစားချင်သေးတယ်။ တခြားစီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့အတွက်ကတော့ စဉ်းစားထားတာရှိတယ်။ အကောင်အထည်ဖော်ဖို့အတွက်ကတော့ အနုပညာလုပ်ငန်းတွေကိုတော့ ဦးစားပေးပြီး လုပ်ဖြစ်နေပါတယ်။ တစ်ဖက်မှာစိတ်နှစ်ရင် တစ်ဖက်မှာ လျော့တတ်တယ်ဆိုတော့ ဂီတအနုပညာဘက်မှာ အလျော့မခံနိုင်ဘူး။ ကျွန်တော့်အတွက် အချိန်မရဘူး ဖြစ်နေတာ။ နှစ်သစ်ကိုတော့အလုပ်တွေလုပ်ရင်းနဲ့ပဲ ဖြတ်သန်းနေမှာပါ။ ''လို့ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly