မတူညီတဲ့ ဂီတအမျိုးအစားတွေကို ခံစားရမယ့် “ဒိုရေမီဖာဆိုလာတီဒို”

မတူညီတဲ့ ဂီတအမျိုးအစားတွေကို ခံစားရမယ့် “ဒိုရေမီဖာဆိုလာတီဒို”

နာမည်ကျော်တေးသံရှင်များစွာရဲ့ မတူညီတဲ့ဂီတအမျိုးအစားတွေကို ခံစားနားဆင်နိုင်မယ့် သီဆိုထားတဲ့ 'ဒိုရေမီဖာဆိုလာတီဒို'အမည်ရှိတဲ့ တေးအယ်လ်ဘမ်ကို မိတ်ဆက်လိုက်ပါတယ်။

 အဆိုပါတေးအယ်လ်ဘမ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့် မှာရှိတဲ့ Orchid ဟိုတယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

''ဒီအခွေကအမေရိကမှာနေတဲ့ ကိုသာဂိက သူရေးထားတဲ့သီချင်းတွေကို ကျွန်တော်တို့ တစ်ယောက်တစ်ပုဒ် ဆိုထားတာပါ။ သူ့ရဲ့ဝါသနာအရ သူရေးစပ်ထားတဲ့သီချင်းလေးတွေကို ပြန်ဆိုစေချင်တယ်ဆိုတယ်လို့ ပြောလာ တဲ့အတွက် တစ်ယောက်တစ်ပုဒ်သီဆိုဖြစ်တာပါ။ ကျွန်တော်ကဒီထဲမှာ မဆုံးလိုက်တဲ့ဒီဇာတ်လမ်းလေး ဆိုတဲ့ သီချင်းကိုသီဆိုထားတာပါ။ ကိုသာဂီသူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ဆိုထားတဲ့ သူ့ရဲ့ Title Song လေးပါ။ ကျွန်တော့်အတွက်ကတော့ဒီသီချင်းလေးက အသစ်ပါပဲ။ ကိုနိုင်ဇော်ရဲ့အစီအစဉ်နဲ့ကျွန်တော်တို့တွေ ပြောင်းလဲပြီးတော့ တီးထားဆိုထားတာရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကို နားသောတဆင် အားပေးပါဦးလို့ ပြောချင်ပါတယ်။'' လို့တေးသံရှင်ဂျေမောင်မောင်ကပြောပါတယ်။

တေးအယ်လ်ဘမ်တွင် တေးရေး-သာဂိရေးသားထားတဲ့ သီချင်း ၈ ပုဒ်ပါဝင်ပြီး အဆိုတော်များဖြစ်ကြတဲ့ ဂျေမောင်မောင်၊ တူးတူး၊ ဟဲလေး၊ နေမင်းအိမ်၊ နေဝင်း(US)၊ မီမီဝင်းဖေ၊ အိုင်းရင်းဇင်မာမြင့်၊ အိသက်ထားမွန် တို့က မတူညီတဲ့ ဂီတပုံစံအမျိုးမျိုးနဲ့ သီဆိုထားတဲ့ မင်းရဲ့ရင်ခွင်ဆီ၊ ရင်မှာမသိုဝှက်နဲ့၊ မဆုံးလိုက်တဲ့ဒီဇာတ်လမ်း လေး၊ ကုန်ပါစေတော့အလွမ်းဒီဇင်ဘာ၊ ထင်၊ အတွေးထဲမှာမင်း စတဲ့သီချင်းတွေပါဝင်ပြီး  ဂီတမှူးနိုင်ဇော်က တီးခတ်ပေးထားပါတယ်။

''သီချင်းအားလုံးကို နယူးယောက်က ကိုသာဂိကရေးသားထားတာပါ။ ဟိုကနေသီချင်းတွေရေးပြီးဆိုပြတယ်။ ဂစ်တာတောင်မတီးဘဲ ဒီတိုင်းဆိုပြတဲ့သံစဉ်တွေကို ဂစ်တာကွက်တွေထည့်တယ်။ အဆိုတော်တွေချိန်းပြီး arrangements လုပ်တယ်။ အဆိုတော်တွေနဲ့ Key ချိန်တယ်။ သီချင်းတီးတယ်။ အားလုံးပြီးသွားတော့ သူ့ဆီ ပြန်ပို့ပေးလိုက်တယ်။ ကျွန်တော်ကဒီဘက်မှာသီချင်းကို ၉၀ ရာခိုင်နှုန်းလောက်ဖန်တီးရတာပေါ့။ Mixing ကို နယူးယောက်က အင်ဂျင်နီယာတွေနဲ့ဆွဲတယ်။ အချောကိုရန်ကုန်ပြန်ပို့တယ်။ ဒါကြောင့်ဒီအခွေက တော်တော် ထူးခြားပါတယ်။ အဆိုတော် ၈ ယောက်လုံးကလည်း Type မတူဘူး။ အသစ်ရော အဟောင်းရော ရောနေ တယ်။ ဒါပေမယ့်သီချင်းအားလုံးကိုတော့ ရင်ထဲမှာရှိနေတဲ့သီချင်းတွေဖြစ်အောင် ကျွန်တော်တို့အားလုံး ပေါင်းစပ် ဖန်တီးထားပါတယ်။''လို့ ဂီတမှူးနိုင်ဇော်က ပြောပါတယ်။

'ဒိုရေမီဖာဆိုလာတီဒို'တေးအယ်လ်ဘမ်ထဲက သီချင်းတစ်ချို့ကိုတော့ Online မှာလွှင့်တင်ထားပြီး ပရိသတ်ရဲ့ အားပေးနှစ်သက်မှုရရှိထားပြီး အခွေကိုတော့ 'လှိုင်း'တေးသံသွင်းမှ ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ဖြန့်ချိ သွားမယ် လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly