ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ပေါ့ဂီတကြယ်ပွင့်များနှင့် ကမ္ဘာ့ခေါင်းဆောင်များ စုရုံး

ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ပေါ့ဂီတကြယ်ပွင့်များနှင့် ကမ္ဘာ့ခေါင်းဆောင်များ စုရုံး

နယူးယောက်၊ စက်တင်ဘာ-၂၇ ။ ။ ဘီယွန်းဆေးမှသည် ဥရောပ ဝန်ကြီးချုပ်များအထိ ဂီတနှင့် နိုင်ငံရေးနယ်ပယ်မှ နာမည်ကြီးတစ်ချို့မှာ အလွန်အမင်းဆင်းရဲမွဲတေမှုကို ပယ်ဖျက်ရေး စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ၂၆ရက်က ဖျော်ဖြေပွဲတစ်ခုတွင် စုရုံးခဲ့ကြသည်။

နယူးယောက် ဗဟိုပန်းခြံအတွင်း လူထောင်ပေါင်းများစွာနှင့် ကမ္ဘာနှင့်အဝန်းမှ ရုပ်သံပရိသတ်များရှေ့မှောက်တွင် ကမ္ဘာ့နိုင်ငံသားပွဲတော် (Global Citizen Festival)က ကုလ၏ ဖွံ့ဖြိုးမှုရည်မှန်းချက်အသစ်များကို ထောက်ခံမှု ကျယ်ပြန့်လာစေရန်အတွက် ဖျော်ဖြေမှုကို အသုံးချခဲ့ကြခြင်းပင် ဖြစ်သည်။

အခကြေးငွေပေးခြေ၍မဟုတ်ဘဲ စာများရေးသားခြင်းမှသည် စေတနာ့ဝန်ထမ်းအလုပ်များအထိ တက်ကြွလှုပ်ရှုားမှုကို ကတိပြုခြင်းဖြင့် လက်မှတ်များကို ရယူခဲ့ကြသည့် များစွာသော ပရိသတ်အတွက်မူ ယခုနှစ်အတွက် ဒုတိယမြောက် ဖျော်ဖြေပွဲကို တင်ဆက်ခဲ့သည့် ဘီယွန်းဆေးမှာ အဆွဲဆောင်နိုင်ဆုံး ဖြစ်ခဲ့သည်။

အခြားအကျော်အမော်များထဲတွင် ရော့ခ်ဝါရင့်ကြီးများဖြစ်ကြသော ပါးဂျမ်နှင့် ကိုးပလေး(Coldplay)၊ မျက်နှာသစ် အင်္ဂလိပ်ပေါ့နာမည်ကြီး အဒ် ရှီးရန်၊ လူမှုရေးစိတ်ရှိသည့် ရပ်ပါ ကွန်မွန်း (Common)နှင့် အိန္ဒိယပွဲတော်၏ ပုံရိပ်ကို မြှှင့်တင်လိုသည့် ထိပ်တန်း ဘောလီးဝုဒ်အဆိုတော် ဆူနီဒီ ချောင်ဟန်းတို့ ပါဝင်သည်။   

ဘီယွန်းဆေးက မီရှဲ အိုဘားမားကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ကာ နွေးထွေးလှိုက်လှဲစွာ ပွေ့ဖက်လိုက်ခြင်းဖြင့် ပရိသတ်ကို အံ့အားသင့်သွားစေခဲ့သည်။

အမေရိကန်သမ္မတကတော်က ကမ္ဘာနှင့်အဝန်းမှာ ကျောင်းမတက်နိုင်ရှာသည့် ၆၂သန်းသော မိန်းခလေးများကိုယ်စား လူမှုမီဒီယာများကို အသုံးပြု၍ ရပ်ခံအရေးဆိုကြရန် ပရိသတ်ကို တိုက်တွန်းခဲ့သည်။

''သူတို့ဟာ ကျမရဲ့သမီးတွေ၊ ရှင်တို့ရဲ့ သမီးတွေနဲ့ ကျမတို့ရဲ့ ကလေးအားလုံးလိုပဲ ပညာသင်ကြားခွင့်နဲ့ ထိုက်တန်ပါတယ်။ သူတို့ကို ပညာသင်ကြားခွင့်ပေးတာဟာ ကမ္ဘာနှင့်အဝန်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ အဓိကကျတယ်ဆိုတာ မမှားနိုင်ပါဘူး''ဟု မီရှဲက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၅ရက်နေ့က ကုလသမဂ္ဂက ၂၀၃၀ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုကို အဆုံးသတ်ရေး ရည်မှန်းချက်တစ်ရပ်ကို ချမှတ်ခဲ့ရာ မိသားစုများ၏ အနာဂတ်အတွက် အကျိုးများမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည့် မိန်းခလေးငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးခြင်းကို အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ပွဲတော်၏ နောက်ထပ် ကြေညာမထားသည့် ဧည့်သည်တော်တစ်ဦးဖြစ်သော အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ကမ္ဘာသူကမ္ဘသားများသာ စည်းလုံးပါက ကုလ၏ ရည်မှန်းချက်မှာ လက်တစ်ကမ်းအတွင်းတွင်သာ ရှိကြောင်း ပြောကြားခဲ့သည်။

လူဇင်ဘတ်၊ မော်လ်တာ၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံများမှ ဝန်ကြီးချုပ်များလည်း ပွဲတော်သို့ တက်ရောက်၍ ထောက်ခံမှုကို ပြသကြသည့်အပြင် အမေရိကန်သမ္မတ အိုဘားမားနှင့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ကလည်း ဗွီဒီယိုဖြင့် သတင်းစကားပါးခဲ့ကြသည်။

ပညာရေးရံပုံငွေကို အကြီးအကျယ်မြှင့်တင်ရာတွင် ယခုပွဲတော်မှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်သင့်ကြောင်း ကမ္ဘာ့ထိပ်တန်းအလှူရှင်နိုင်ငံဖြစ်သည့် နော်ဝေ၏ ဝန်ကြီးချုပ် အာနာ ဆိုးလ့်ဘာ့က ပြောကြားခဲ့သည်။ ကမ္ဘာပေါ်ရှိ ကလေးငယ်အားလုံး မသင်မနေရ ၉နှစ်အပါအဝင် ၁၂နှစ်အထိ ကျောင်းတက်နိုင်အောင် လုပ်ဆောင်သင့်ကြောင်းလည်း သူမက တိုက်တွန်းခဲ့သည်။

''ကျမတို့မှာ ကလေးငယ်သန်းပေါင်းများစွာရဲ့ အိမ်မက်ကို တကယ်ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ ဒါ့ကြောင့် အခုပဲ စလိုက်ကြပါစို့''ဟု သူမက ပြောကြားသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required