ဧရာဝတီရင်းနှီးမြှုပ်နှံမှုပွဲမှ ထွက်ပေါ်လာသော ရလဒ်များကို တင်ပြလာပါက တိုင်းအစိုးရ ဆောင်ရွက်မည်

By စည်သူမောင်မောင်မောင်
30 November 2018
ဧရာဝတီရင်းနှီးမြှုပ်နှံမှုပွဲမှ ထွက်ပေါ်လာသော ရလဒ်များကို တင်ပြလာပါက တိုင်းအစိုးရ ဆောင်ရွက်မည်

ပုသိမ်၊နိုဝင်ဘာ ၃၀ ။        ။ ဧရာဝတီရင်းနှီးမြှုပ်နှံမှုပွဲမှ ထွက်ပေါ်သည့် ရလဒ်များကိုတိုင်းအစိုးရထံသို့ တင်ပြလာပါက ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ပြောကြားသည်။

"ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပြီး ထွက်ပေါ်လာမယ့်ရလဒ်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် ပံ့ပို့နိုင်မယ့် လိုအပ်ချက်များရှိပါက Ayeyarwaddy Region Investment Fair 2018ပွဲပြီးပါက လာရောက်တင်ပြနိုင်ပါတယ်။ အဆိုပါ တင်ပြချက်များကို တိုင်းဒေသကြီးအစိုးရအနေဖြင့်ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်က Ayeyarwaddy Region Investment Fair 2018ပွဲတွင် ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုပြပွဲအား ပုသိမ်မြို့နယ်၊ငွေဆောင်ကမ်းခြေတွင် နိုင်ဝင်ဘာလ ၃ဝရက် နေ့နှင့် ဒီဇင်ဘာလ၁ရက်နေ့များတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွက် ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာစေရန်အတွက် ကျင်းပခြင်းလည်းဖြစ်သည်။

“ရင်းနှီးမြှုပ်နှံဖို့စဉ်းစားတဲ့အခါ မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ဧရာဝတီတိုင်းဟာအကောင်းဆုံးဖြစ်ပါ တယ်။ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တိုင်းမှာ ရှည်လျားတဲ့ ကမ်းရိုးတန်းများ၊ ပင်လယ်ထွက်ပေါက်တွေ လည်းရှိနေတဲ့အတွက် ရေနက်ဆိပ်ကမ်းများ ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးတိုင်းတစ်တိုင်း ဖြစ်ပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး စက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက နွေမိုးဆောင်း စိုက်ပျိုး နိုင်သော လယ်ဧက ၃ရသိန်းကျော်ရှိကြောင်း ထို့အပြင် စက်မှုဇုန်များအနေဖြင့် ပုသိမ်၊မြောင်းမြ၊ မအူပင်၊ ဟင်္သာတ၊ညောင်တုန်း ဒေသများမှာ တည်ထောင်ခွင့်ပြုထားသဖြင့် ရင်းနှီးမြှုပ်နှံမှုပြုရန် အသင့်အနေအထားရှိ နေကြောင်း သိရသည်။

အဆိုပါပွဲ၏ ဖွင့်ပွဲသို့ စီးပွားကူးသန်းဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြုပ်နှံသူများ တက်ရောက်ခဲ့သည်။
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required