အစွန်းရောက်ဘာသာတရားတစ်ခုဟု သုံးနှုန်းခဲ့ခြင်းအပေါ် သာသနာရေးပြန်ဖြေရှင်း

အစွန်းရောက်ဘာသာတရားတစ်ခုဟု သုံးနှုန်းခဲ့ခြင်းအပေါ် သာသနာရေးပြန်ဖြေရှင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ။               ။ မြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ စျာပနအခမ်းအနားတွင် "အစွန်းရောက် ဘာသာတရားတစ်ခု" ဟု သာသနာရေးရာဝန်ကြီး သူရဦးအောင်ကိုက သုံးနှုန်းခဲ့ခြင်းသည် ဘာသာအသီးသီးရှိ ဘာသာရေး အယူအဆပြင်းထန်သူများကိုသာရည်ရွယ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ပြည်ထောင်စုဝန်ကြီး၏ ပြောကြားခဲ့သည့် စကားလုံးအသုံးအနှုန်းအပေါ်သည်းခံနားလည်စွာဖြင့် အဓိပ္ပါယ်ကောက်ယူကြပါ” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 မြိုင်ကြီးငူဆရာတော်၏ စျာပန အခမ်းအနားကို တက်ရောက်လာသည့် ဆရာတော် သံဃာတော်များ အားလျှောက်ထားရာမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက "အစွန်းရောက်ဘာသာတရား တစ်ခု" ဟု ထည့်သွင်းသုံးနှုန်းခဲ့ခြင်းလည်းဖြစ်သည်။

 ဗုဒ္ဓဘာသာဝင်တွေ သားသမီး တစ်ယောက်၊ နှစ်ယောက်ယူနေချိန်တွင် အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီးမယား ၃၊ ၄ ယောက်ယူပြီး သား၊ သမီးတွေ ၁၄ ယောက် အယောက် ၂၀ မွေးဖွားနေကြောင်း ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆရာတော် သံဃာတော်များအားလျှောက်ထားခဲ့ခြင်းဖြစ်သည်။

 ပြည်ထောင်စုဝန်ကြီး၏ ပြောစကားနှင့် ပတ်သက်ပြီး  မတူညီသည့်ဘာသာများအကြား အမုန်းပွားစေနိုင်ခြင်း ကြောင့် ပြန်လည်ရှင်းလင်းပေးရန်  ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ကတောင်းဆိုထားသည်။

 “ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် အတူတစ်ကွ ဆက်လက်ရပ်တည်၍ ပူးပေါင်းဆောင်ရွက်ကြပါ” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုသည် မည်သည့်လူမျိုး မည်သည့်ဘာသာ အပေါ်ခွဲခြားဆက်ဆံခြင်းမရှိဘဲ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသည် ဟုလည်း ဝန်ကြီးဌာနဘက်ကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required