ဘုန်းကြီးကျောင်းဝင်းအတွင်း နာမှုကူညီရေးယာဉ်များထားရှိရန် အဆောက်အဦတည်ဆောက်မှု ကန့်ကွက်ခံရ

ဘုန်းကြီးကျောင်းဝင်းအတွင်း နာမှုကူညီရေးယာဉ်များထားရှိရန် အဆောက်အဦတည်ဆောက်မှု ကန့်ကွက်ခံရ

မန္တလေး၊ နိုဝင်ဘာ ၃၀ ။           ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အမရဋ္ဌာနီအရှေ့ရပ်ကွက်၊ မတ္တရာတိုက်မကြီးကျောင်းဝင်းအတွင်းရှိ ပရဟိအသင်းသည် နာမှုကူညီရေးမော်တော်ယာဉ်များထားရှိရန်အတွက် အဆောက်အဦငယ်တစ်ခု တည်ဆောက်ရာ ကန့်ကွက်ခံနေရသည်ဟု ပရဟိတအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက မဇ္ဈိမကိုပြောသည်။

အဆိုပါအသင်းသည် ၂၀၀၉ခုနှစ်မှစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် နာမှုကူညီရေး မော်တော် ယာဉ်မှာ ၆ စီးအထိ ရှိလာသော်လည်း ၂စီးသာထားစရာနေရာရှိနေခြင်းကြောင့် ကျန် ၄ စီးထားရှိရန် ပရဟိတ အသင်းရုံးခန်းဘေးတွင် အဖီဆွဲချရန် နေရာရှင်းလင်းနေစဉ် ဆရာတော် တစ်ပါးက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု ဦးတင့်ဆွေကဆိုသည်။

မတ္တရာတိုက်မကြီးကျောင်းဆရာတော် အရှင် ဇဝနက ပရဟိတအသင်းတည်ဆောက်ရန်အတွက် ကျောင်းတိုက် အတွင်းတွင် ၈၅ပေ၊ပေ ၁၀၀ ကို စာချုပ်၊စာတမ်းဖြင့် ခွင့်ပြုပေးထားခဲ့ခြင်းဖြစ်သည်။ဆရာတော်ကြီး ကွယ်လွန် ပြီးနောက် ယခုလို ကျောင်းတိုက်တွင်း ဆရာတော်တစ်ပါးက ကန့်ကွက်နေခြင်းဖြစ်သည်။

နာမှုကူညီရေးမော်တော်ယာဉ်များထားရှိရန် အဖီဆွဲသည့်နေရာသည်လည်း ယခင်ဆရာတော်ကြီး ခွင့်ပြုခဲ့သည့် နေရာတွင်သာ ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဦးတင့်ဆွေကဆိုသည်။

"သာသနိကမြေကို စောင့်ရှောက်ခွင့်ရတဲ့ ဆရာတော်ကြီး ဦးဇဝနကနေ ပေးခဲ့တယ်။ကျွန်တော်တို့ အသင်း ပရဟိတလုပ်နေသ၍ ပေးခဲ့တယ်။အခုတားနေပေမယ့် ဆက်လုပ်နေပါတယ်။တိုင်းတို့ ဗဟိုတို့က ဆရာတော် ကြီးတွေက တားရင်တော့ နာခံသွားပါမယ်။"ဟု ဦးတင့်ဆွေကပြောသည်။

ယခုနေရာတွင် တားဆီးနေသည့်ဆရာတော်မှ သာသနာနှင့်ပတ်သက်သော ဆောက်အဦများ၊ စာသင်တိုက်များ တည်ဆောက်မည်ဆိုပါက အသင်းတိုက်နေရာပါ ပြန်လည်လှူဒါန်းသွားမည်ဟုလည်း ဦးတင့်ဆွေကဆိုသည်။

ပေးပို့လာသည့် တားဆီးစာထဲတွင် ပရဟိအသင်းအမည်တပ်ထားသောအဖွဲ့မှာ ကျွန်ုပ်၏ ယခင်တိုက်အုပ် ဆရာတော် ဦးဇဝန၏ ခွင့်ပြုချက်ဖြင့် ၂ခန်း-၃ ခန်း အဆောက်အဦးဆောက်လုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက်တွင်လည်း ကျွန်ုပ်၏ လက်ထက်၌ ပင်မအဆောက်အဦး၏ အနောက်ဘက်တွင် ထပ်တိုးအဖီချခဲ့ခြင်း ကိုလည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ၁၃၈ဝပြည့်နှစ်၊တန်ဆောင်မုန်းလဆန်း ၆ရက်နေ့၊ညနေအချိန်တွင် ပရဟိတ လူမှုကူညီရေးအဖွဲ့မှထပ်မံပြီး နောက်ထပ်အဆောင်တိုးချဲ့လိုကြောင်း လာရောက်ပြောကြားခဲ့ရာ ကျွနု်ပ်မှ ခွင့်မပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ကျွနု်ပ်မှ ခွင့်မပြုကြောင်းပြောကြားခဲ့သော်လည်း ပရဟိတ လူမှုကူညီရေးအဖွဲ့မှ အဆောက်အဦး၏ အနောက် ဘက်ခြမ်းရှိ မတ္တရာတိုက်မ ကျောင်းပိုင် သံဃိကမြေပေါ်တွင် ရှင်းလင်းခုတ်ထွင်ခြင်းများပြုလုပ်နေပြီး အဆောက်အဦဆောက်လုပ်ရန် ပြင်ဆင်နေသည်ကို တွေ့မြင်ရပါသောကြောင့် တားမြစ်ရခြင်းဖြစ်သည်ဟု ပါရှိသည်။

တားမြစ်သည့် ဆရာတော်နှင့်တွေ့ဆုံခွင့်ရရှိရန် မဇ္ဈိမမီဒီယာက ကြိုးစားခဲ့သော်လည်း ဆရာတော်သည် အပြင်သို့ ကြွသွားသဖြင့် တွေ့ဆုံခွင့်မရရှိခဲ့ပေ။

ပရဟိတ လူမှုကူညီရေးအသင်းအနေဖြင့်လည်း အဖီချခြင်းကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ဆောက်လုပ်ခွင့်ရရှိရန်အတွက်လည်း သက်ဆိုင်ရာအဖွဲ့များထံ အကြောင်းကြားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်နေခြင်းကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်မည်ကို စိုးရိမ်သဖြင့် အမှတ် ၄ နယ်မြေ ရဲစခန်း ကလည်း လာရောက် စောင့်ကြည့်နေမှုများလည်းရှိသည်။

(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly