ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေး တရုတ်ကုမ္ပဏီနှင့်ဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်နေကြောင်း ထုတ်ပြန်

ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေး တရုတ်ကုမ္ပဏီနှင့်ဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်နေကြောင်း ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ။                       ။                  ။ ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရာ၌ တင်ဒါခေါ်ယူရန်လိုအပ်သည့် Pre-Project Documents (PPD) ကို အပြီးသတ်နိုင်ရန် နှင့် တရုတ်နိုင်ငံ ဆက်သွယ်ရေး တည်ဆောက် မှုကုမ္ပဏီ နှင့်  ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် တို့ကြားဆွေးနွေးညှိနှိုင်းမှုများသည် နောက်ဆုံးအဆင့် ရောက်ရှိ နေပြီဖြစ်သည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် က သတင်းထုတ်ပြန်ထားသည်။

 “ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သိပ်မကြာခင်အချိန်အတွင်းမှာ PPD မှာပါဝင်တဲ့ အချက်တွေကို အများပြည်သူသိအောင် ကြေငြာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ စီအီးအို ဦးသိမ်းဝေ (Serge Pun) က ပြောဆိုခဲ့သည်။

 ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရ အဖွဲ့ထည့်ဝင်ငွေ ကျပ် ၁၀ ဘီလီယံရှိကြောင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်း Pre-Project Documents မူကြမ်းတွင် ပါဝင်မည့်အချက်များအား ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄) ရက်နေ့က  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့ကို ရှင်းလင်းတင်ပြခဲ့သည်ဟုလည်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှစီအီးအို ဦးသိမ်းဝေ(Serge Pun) က ထုတ်ပြန်ပြောဆိုထားသည်။

 အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး နောက်ဆုံးအတည်ပြုချက်ကို လွှတ်တော်ကို အသိပေးပြီး ဆက်လက်ဆောင်ရွက်သွားမည်ကို မျှော်လင့်ကြောင်း ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းကနေ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးပြီဆိုရင်တော့ အခုလာမယ့် လွှတ်တော်ကို တင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၄င်းကဆိုသည်။

Pre-Project Documents မူကြမ်းတွင် ပါဝင်မည့် အသေးစိတ်အချက်များအား တင်ဒါခေါ်ယူမည့်အချိန်မှသာ ကြေငြာသွားမည်ဖြစ်သော်လည်း (၆)လမ်းသွားတံတားတစ်စင်း ၊ ၂ လမ်းသွား တံတားတစ်စင်း ၊ ၂၆ ကီလို မီတာရှိသော အဓိကလမ်းမကြီးများ၊ ပြန်လည်နေရာချထားမည့် မြို့ရွာ(၅)ခု၏ အခြေခံအဆောက်အအုံများ ပါဝင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required