ဦးကိုနီအသတ်ခံရမှုအတွက် ရဲမှူးကြီးဝင်းမင်းသိန်းနှင့် တရားခံပြသက်သေ ၂၁ ဦး စစ်ဆေးရန် ကျန်ရှိ

ဦးကိုနီအသတ်ခံရမှုအတွက် ရဲမှူးကြီးဝင်းမင်းသိန်းနှင့် တရားခံပြသက်သေ ၂၁ ဦး စစ်ဆေးရန် ကျန်ရှိ

ရန်ကုန်၊ နိုဝင်ဘာလ ၂၉ ။           ။ စစ်ဆေးနေသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည့် တရားလွှတ်တော်ရှေ့ ဦးကိုနီ အသတ်ခံရမှုအား လေဆိပ်မှ ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် တရားခံပြသက်သေ ၂၁ ဦးထိ စစ်ဆေးရန်ကျန်ရှိနေသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သေနတ်သမားကြည်လင်းအပါအဝင် ၃ ဦးအား ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ၉၁ ချိန်းမြောက်ရုံးထုတ်ခဲ့ပြီး ဇေယျာဖြိုးဘက်မှ တရားရုံးသို့ တင်သွင်းထားသည့် တရားခံပြ သက်သေ ၂၂ ဦးအနက် ယခင်က ဦးဇေယျာဖြိုးနှင့် ထောက်လှမ်းရေးသင်တန်း တစ်ပတ်စဉ်တည်း  တက်ရောက်ခဲ့သူ ဦးဝေမင်းအား စစ်ဆေးခဲ့သည်

ယခုရုံးချိန်းတွင် တရားခံပြသက်သေအဖြစ် ရဲမှူးကြီး ဝင်းမင်းသိန်းအား စစ်ဆေးရန် တရားရုံးမှ ဆင့်ခေါ် ထားခြင်းဖြစ်သော်လည်း တာဝန်မအားသည့်အတွက် မလာရောက်နိုင်သဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

“ ရဲမှူးကြီးက ဒီတစ်ပတ်ရုံးချိန်းမှာ ကင်းလွတ်ခွင့်ပြုပါဆိုပြီး ရုံးကို လျှောက်လွှာနဲ့ ပို့လိုက်တယ်။ ဒါပေမယ့် နောက်ရုံးချိန်းတွေမှာတော့ သူလာပေးနိုင်လိမ့်မယ်။ အခုက သူတို့ ရဲတပ်ဖွဲ့က အားကစားပြိုင်ပွဲလုပ်နေတယ်။ အဲ့ဒီမှာ သူတာဝန်ယူနေရတဲ့အတွက် သူမလာနိုင်သေးဘူး။ နောက်မှ လာပါရစေဆိုပြီးတော့ တောင်းပန်စာနဲ့ ကင်းလွတ်ခွင့်တောင်းတာ ”ဟု ဦးကိုနီမိသားစုဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးမင်းမင်းဇော်က ပြောသည်။

ကြည်လင်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံ ခဲ့သည့်အတွက် အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂(၁)(ခ)/ ၃၄၊ အငှားယာဉ်မောင်း ဦးနေဝင်းပါ သတ်ခံသည့်အတွက် ပုဒ်မ- ၃ဝ၂(၂)၊ လက်နက်ဥပဒေပုဒ်မ- ၁၉(ဃ)/ ၁၉(စ) ဖြင့် စွဲချက်တင် စစ်ဆေးနေခြင်းဖြစ်သည်။

အောင်ဝင်းဇော်အား ပုဒ်မ- ၃ဝ၂(၁)(ခ)/၃၄၊ ဇေယျာဖြိုးအား ပုဒ်မ- ၃ဝ၂(၁)(ခ)/ ၁ဝ၉ ဖြင့် စွဲချက်တင် စစ်ဆေးနေပြီး အောင်ဝင်းထွန်းကိုမူ ပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်ထားကာ ငွေကျပ်သိန်း ၅ဝဝ ဖြင့် အချုပ်လွတ် အာမခံ ပေးထားသည်။

ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ အချိန်ကာလအားဖြင့် ၁ နှစ်ခွဲကျော်ကြာမြင့်နေပြီဖြစ်သော်လည်း အမှုမှ တရားခံပြေးအောင်ဝင်းခိုင်အား ယနေ့အချိန်အထိ ဖမ်းဆီရမိခြင်း မရှိသေးပေ။

ယင်းအမှုနှင့် ပတ်သက်ပြီး တရားရုံးမှ လာမည့် နိုဝင်ဘာလ ၃ဝ ရက်နေ့ကို ထပ်မံရုံးချိန်း ချိန်းဆိုထားပြီး အဆိုရုံးချိန်းတွင်လည်း ဇေယျာဖြိုးဘက်မှ တရားခံပြသက်သေများအား ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required