မန်းရွှေစက်တော်ဂေါပကအဖွဲ့သစ်ကို မကွေးတိုင်းအစိုးရ ရွေးချယ်ခန့်အပ်

မန်းရွှေစက်တော်ဂေါပကအဖွဲ့သစ်ကို မကွေးတိုင်းအစိုးရ ရွေးချယ်ခန့်အပ်

မကွေး၊ နိုဝင်ဘာ ၂၉ ။            ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားကြီး၏ လုပ်ငန်းကိစ္စအဝဝကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက်  နိဝင်ဘာလ ၂၈ ရက်နေ့က ဂေါပကဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူး လုပ်ငန်းတာဝန်များအား သတ်မှတ်တာဝန် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“ မန်းရွှေစက်တော်ဘုရားကြီးရဲ့ လုပ်ငန်းကိစ္စအဝဝကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိင်ရန်အတွက် ဦးအောင်သိန်း(မကွေး) ဥက္ကဋ္ဌ၊ ဦးထွန်းဝေ(မင်းဘူး) ဒုဥက္ကဋ္ဌ၊ ဦးဌေးဝင်း(ပွင့်ဖြူ) အတွင်းရေးမှူး၊ ဦးနွဲ့အောင်(မင်းဘူး) တွဲဖက်အတွင်းရေးမှူးအဖြစ် နိဝင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၄၇/၂၀၁၈)၊ ဆုံးဖြတ်ချက်အပိုဒ် ၇၇ အရ လုပ်ငန်းတာဝန်များ သတ်မှတ်တာဝန်ပေးအပ်ခဲ့ပါတယ်” ဟု  တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

မန်းရွှေစက်တော်ဘုရားဂေါပကဥက္ကဋ္ဌအသစ် ဦးအောင်သိန်းက “ ကျွန်တော်ဆီ တရားဝင် ခန့်အပ်စာတော့ မရောက်သေးပါဘူး၊ ထွေထူးမရှိပါဘူးဗျာ။ ကျွန်တော်တို့က ဘုရားကြီးကို တိုးတက်အောင် ဘုရားဖူးပြည်သူတွေ စိတ်ချမ်းသာအောင် ဂေါပကအဖွဲ့ ပူးပေါင်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားပါမယ်၊ ဒေသခံ မန်းသောင်ပြင် လုပ်ငန်းရှင်တွေ၊ တဲကျောင်းလုပ်ငန်းရှင်တွေ၊ စျေးသူစျေးသားတွေနဲ့ ဂေါပကအဖွဲ့ ပူးပေါင်း ဆက်စပ်ဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။

မန်းရွှေစက်တော်ဘုရားဂေါပကဥက္ကဋ္ဌ တာဝန်ပေးအပ်ခံရသူ ဦးအောင်သိန်းသည် လက်ရှိ ပါရမီရှင်(မကွေး) ဗုဒ္ဓဓမ္မသံဃသာသနာအကျိုးတော်ဆောင်အဖွဲ့၏ဥက္ကဋ္ဌ ဖြစ်ပြီး တွဲဘက်အတွင်းရေးမှူးဦးနွဲ့အောင်သည် လက်ရှိ မင်းဘူး/စကုမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတစ်ဦးဖြစ်ကြောင်း သိရသည်။

“ အခုလို ပါဝင်လာတဲ့အတွက် ဘုရားကြီးအတွက် ကောင်းမွန်အောင် အတတ်နိင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဝိုင်းဝန်းလုပ်ကိုင်ပါ့မယ်၊ ဒေသတွင်း လုပ်ငန်းရှင်များ၊ စျေးသူစျေးသာများ၊ သတင်းမီဒီယာများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေချင်ပါတယ်၊ ပွဲတော်ကို အောင်အောင်မြင်မြင်နဲ့ အေးချမ်းစွာ ပြီးသွားဖို့၊ ဘုရားဖူး မိဘ ပြည်သူတွေ စျေးနှုန်းချိုသာစွာ အေးချမ်းစွာ ဘုရားဖူးနိုင်ဖို့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု ရွှေစက်တော်ဘုရား ဂေါပကတွဲဖက်အတွင်းရေးမှူး ဦးနွဲ့အောင်က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို တာဝန်ယူကြီးကြပ်မည့်ဂေါပကအဖွဲ့ဝင်များအဖြစ် မင်းဘူးခရိုင်အတွင်း ငါးမြို့နယ်မှ တစ်မြို့နယ် နှစ်ဦးနှင့် မကွေးမြို့နယ်မှ နှစ်ဦးစုစုပေါင်း ၁၂ ဦးနှင့် အစိုးရအဖွဲ့ခန့်အပ်မည့် ခုနစ်ဦး စုစုပေါင်း ၁၉ ဦးအား မန်း ရွှေစက်တော်ဘုရားဂေါပက ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “ ပြီးခဲ့တဲ့ နိဝင်ဘာလ ၂၆ ရက်နေ့က မန်းရွှေစက်တော် ဘုရားပွဲ ၃ လပြီးတာနဲ့ ဘုရားဂေါပကလူကြီးတွေ ကားစီးတယ်။ တိုက်ဆောက်တယ် ကြားရတယ်။ ဒီလိုမျိုးတွေ မဖြစ်ပါစေနဲ့” ဟု မန်းရွှေစက်တော်ဘုရားပွဲတော်ကို တာဝန်ယူကြီးကြပ်မည့် ဂေါပအ ဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလျှက် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly