ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ဆန္ဒ၊ ငြိမ်းချမ်းရေးမျှော်မှန်းချက်၊ အနာဂတ်မျိုးဆက် ခေါင်းဆောင် . . . .

ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ဆန္ဒ၊ ငြိမ်းချမ်းရေးမျှော်မှန်းချက်၊ အနာဂတ်မျိုးဆက် ခေါင်းဆောင် . . . .

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဒေါက်တာမျိုးညွန့် နှင့် မဇ္စျိမကိုမျိုးသန့် တို့ တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၃)မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်၍ လည်းကောင်း၊ မျိုးဆက်သစ်ခေါင်းဆောင်များနဲ့ ပတ်သက်၍ လည်းကောင်း ၊   တိုင်းရင်းသား ပါတီများနှင့် USDP တို့အပေါ် သဘောထား ၊ရခိုင်ပြည်နယ်အရေး တို့ကို  ဆွေးနွေးမေးမြန်းထားတာ တင်ပြလိုက်ပါတယ် ။

အပိုင်း - ၃

မေး။ ။ ပြီးခဲ့တဲ့ဆယ်ယောက်ပေါ့နော်၊  ကြီး ၁၀ ကြီးပဲထားပါတော့ အဲဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ထပြီးပြန်သွားတယ် ဆိုတဲ့ဟာမျိုးဖြစ်တယ်၊  ဆိုတော့ ဒီလိုတွေ့ဆုံပြီး စကားပြောနေလျက်နဲ့ ဘာတွေများဖြစ်နေကြသလဲ၊ အပြင်ကကြည့်နေလို့ရှိရင် ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်ဘယ်လို လုပ်နိုင်မလဲခင်ဗျာ ။

ဖြေ။ ။ ကျွန်တော် ခုနပြောပြီးသွားပြီ၊ ကိုယ့်ရဲ့ စစ်မှန်သောဆန္ဒ ပေါ့လေ ငြိမ်းချမ်းရေးအတွက်၊ ကိုယ်ရဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအကျိုးနဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ဘယ်ဟာဦးစားပေးမလဲ။  ဒါကို ကိုယ်က စဉ်းစားရမှာပါ။ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ဦးစားပေးရင် ကျွန်တော်တို့ ဒီနေရာမှာတော့ ပဋိပက္ခတွေ ဖြစ်နေမှာပဲ။ နောက်တစ်ခါ ဒီသတင်းတွေမှာပါမယ့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ ဒါ fund ပေါ်မူတည်နေပါတယ် ။ အင်မတန်ကို ငွေကြေးလည်း များပါတယ်။ အချိန်ကာလလည်း အကြာကြီးယူပြီး စီစဉ်ရပါတယ်။ ဒီလိုဟာမျိုးဟာ တကယ်တော့ ဆုံးဖြတ်ချက်ပေးနိုင်မည့် ပုဂ္ဂိုလ်များဟာ တရားဝင် လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးပြီးတော့ သဘောတူညီနိုင်တဲ့ အခြေခံအချက်တွေကို ရပြီးတော့မှ ဒီအပေါ်အခြေခံပြီး အသေးစိတ် အချက်အလက်တွေကို ပြန်လည်ဆွေးနွေးရင် ပိုပြီးတော့ ထိရောက်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

မေး။ ။ နောက်ထပ် ၂ နှစ်ဆိုရင် ၂၀၂၀ ။ အဲဒီတော့ ထပ်ပြီးတော့မှ အထွေထွေရွေးကောက်ပွဲနဲ့ ကြုံရမှာပေါ့နော်။ ဆိုတော့ ဒီ ၂ နှစ် အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ မျှော်မှန်းချက်က ဘယ်လောက် ထားလို့ရနိုင်မလဲခင်ဗျာ ။

ဖြေ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ၂၀၂၀ အမီမှာ ပြည်သူတွေလက်ကို ငြိမ်းချမ်းရေး အရောက်ပို့ပေးပါမယ် လို့ ကျွန်တော်တို့ ကတိစကားပေါ့ဗျာ ပြောသွားပါတယ်။ ဒါမှန်ကန်ပါစေလို့လည်း ဆုတောင်းပါတယ်။ ဒီဟာကို အကောင်အထည်ဖော်နိုင်ဖို့အတွက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘက်ပေါင်းစုံက ပံ့ပိုးကူညီဖို့ အဆင်သင့်ပါပဲ။ အဲ့ဒီတော့ ဒီလိုစိတ်ဆန္ဒရှိတယ်မှန်ရင် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးဟာ တိုးတက်မှုဖြစ်နိုင်ပါတယ်။ တစ်ချိန်မှာ ကျွန်တော်တို့ တွက်ကြည့်မယ်ဆိုရင် Federal Amy နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဘက်တွေကြားမှာ သဘောတူညီမှု ရခဲ့တဲ့ ကာလလေးတစ်ခုရှိခဲ့တာကို ကျွန်တော်တို့ သတိထားမိမှာပါ ။အဲ့ဒီအချိန်မှာ ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးရတော့မလိုလို သတင်းတွေပျံ့လာပါတယ်။ အဲ့ဒီတော့ ဒီအရေးကြီးတာ က မိမိတို့ ဘယ်လောက် ညှိနှိုင်းနိုင်သလဲ ဘယ်လောက်ထိပေးနိုင်သလဲဆိုတာကို ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့ အားလုံးညှိနှိုင်းလို့ရမယ့် သဘောအပေါ်မှာရှိပါတယ်၊ ဘာလို့ဆိုတော့ ကျွန်တော်တို့ဟာ တစ်ပြည်ထောင်သား တိုင်းရင်းသားတွေပါ။ အဲ့ဒီတော့ ကျွန်တော်တို့ ညှိနှိုင်းလို့ရနိုင်ပါတယ်။ ကိုယ်လိုချင်တာက တစ်မျိုး ၊ပြောတာတစ်မျိုးဆိုရင်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးးမှာပါ။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်းများစွာ အတိုက်အခံဖြစ်ခဲ့တယ်။ အဖိနှိပ်ခံခဲ့ရတယ်။ ပြီးရင် တိုင်းရင်းသားတွေနဲ့ တော်တော့ကို နီးနီးကပ်ကပ် ဆက်ဆံရေး ဖြစ်ခဲ့တယ်၊ ဆိုတော့ အာဏာရပြီး နောက်ပိုင်းမှာရော လက်နက်ကိုင်အဖွဲ့တွေနဲ့ရော ဆက်ဆံရေးက ဘယ်လိုရှိလဲခင်ဗျာ ။

ဖြေ။ ။ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ၁၇/၁ ကိုအမြဲတမ်း စဉ်းစားရပါတယ်။ ဆိုပါတော့ ဒီမီဒီယာသတင်းထောက်တွေတောင်မှ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ရဲ့ အခမ်းအနားတစ်ခု သွားတက်တဲ့အခါမှာ ဖမ်းဆီးခံရတာမျိုး ရှိခဲ့တာကိုး။ အဲ့ဒီတော့ ကျွန်တော်တို့မှာ လည်း အရေးကြီးတဲ့ သဘောရှိတယ် ငြိမ်းချမ်းရေးက၊ အဲ့ဒီအခါမှာ ကိုယ့်ရဲ့ အတ္တနောမတိ ပေါ့၊ ညှိနှိုင်းမှုတွေလုပ်လိုက်ရင် ဒီငြိမ်းချမ်းရေးက ပိုရူပ်သွားနိုင်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ကတော့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့ ဒီနေရာမှာ အားလုံးသဘောတူပြီးတော့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်တဲ့ အနေအထားလေး တစ်ခုကို ဒီဆွေးနွေးဘက်အားလုံးက သဘောတူညီမှုနဲ့ ဖန်တီးနိုင် ရင်တော့ အကောင်းဆုံးပါပဲ။ အခုနှစ်မှာတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ဆိုတာက အခက်အခဲကို ရှိပါသေးတယ်။

မေး။ ။   ကျွန်တော်တို့ သတင်းကြားနေတာက၊ အပြင်မှာ တကယ် လက်တွေ့ ဟုတ်လား မဟုတ်လားတော့ မသိဘူးပေါ့နော်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ခေါင်းဆောင် ပေါ့နော် ဆက်ဆံရေးက သိပ်ပြီးတော့ မချောမွေ့ဘူးလို့ ပြောကြတာရှိပါတယ် ၊ အဲ့ဒါကြောင့်မို့လို့လဲ ငြိမ်းချမ်းရေးက နဲနဲအခက်အခဲရှိနေတယ်လို့ သုံးသပ်ကြတာတွေရှိပါတယ်ခင်ဗျား၊ အဲ့ဒီတော့ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးအခြေအနေရော ဆရာပြောပြလို့ ရနိုင်မလားခင်ဗျာ။

ဖြေ။ ။ အဲ့ဒါကတော့ ကျွန်တော်မသိပါဘူးခင်ဗျား။ ကျွန်တော်က ပါတီကပဲ ဆိုတော့လေ ၊ ကျွန်တော်မသိတဲ့ကိစ္စမှာ ထင်မြင်ချက်မပေးလိုပါဘူး။ သို့သော် ကျွန်တော် ခုနပြောသလိုပဲ တိုင်းပြည်အတွက် တကယ် ချစ်ရိုးမှန်ရင်ပေါ့၊ ဗမာစကားရှိတယ် အကြံတူ ရန်သူဆိုပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်ဆန္ဒချင်းတူရင် မဟာမိတ် ဖြစ်လို့ရပါတယ်။

မေး။ ။  တိုင်းရင်းသား ပါတီတွေနဲ့ အတိုက်အခံပါတီဖြစ်တဲ့ အခုဆိုရင် အတိုက်အခံတစ်လှည့် ပြန်ဖြစ်သွားတဲ့  USDP ပါတီ နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိ ပါသလဲ။

ဖြေ။ ။ အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ အာဏာရနဲ့  အတိုက်အခံပါတီပေါ့ သူတို့ကတော့ ပြိုင်ဘက်ပါတီလို့ ခေါ်ဝေါ်ကြတယ်။ အဲ့ဒီတော့ အဲ့ဒီအနေအထားလေးတော့ ရှိတာပေါ့လေ။ ကျွန်တော်တို့ကတော့ ဒီမိုကရေစီပါတီတွေကို ကျွန်တော်တို့အားလုံးက ကြိုဆိုပါတယ် ၊ ဥပဒေ စည်းကမ်းနှင့်အညီ လုပ်ဆောင်တဲ့ ဒီမိုကရေစီပါတီတွေ များလာမှ တိုင်းပြည်အတွက်ကောင်းမှာပါ။ အဲ့ဒီတော့ ကျွန်တော်တို့ကတော့ ဒီမိုကရေစီ နည်းကျတဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒကို တရားသောနည်းအားဖြင့် ရယူမယ့် ဒီမိုကရေစီပါတီ အားလုံးကို ကျွန်တော်တို့ လက်တွဲမှာပါ၊ ကြိုဆိုနေမှာပါ။ သူတို့ရဲ့အကြံ ဉာဏ်တွေကိုလည်း အမြဲတမ်း အလေးထားနေမှာပါ။

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင်ရတဲ့ အန္တိမရည်မှန်းချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီးတော့ ပြောတာရှိပါတယ်။ ဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ကျွန်တော်တို့ လေ့လာမိသလောက်ပေါ့နော်၊ မှားရင်လည်း မှားပါလိမ့်မယ်၊   အာဏာရပြီးနောက်ပိုင်းမှာ တော်တော်လေးကို မှေးမှိန်သွားတဲ့အခြေအနေမှာ ရှိနေပါတယ်၊ ဒီအပေါ်မှာရော ဆရာဘာများ ပြောလို့ရနိုင်မလဲခင်ဗျား။

ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထဲထဲဝင်ဝင်လေ့လာရင် လက်တွေ့အားဖြင့် လုံးဝကိုပြင်လို့ မရပါဘူး။ တပ်မတော်သား လွတ်တော်ကိုယ်စားလှယ် တစ်ဦး ကျွန်တော်တို့က ပြောနေတယ် ဒါတွေမကပါဘူး၊ တကယ်တော့ ၇၅ ရာခိုင်နှုန်းပေါ့၊ လွတ်တော်အမတ်နေရာ တစ်ရာမှာ တစ်ရာလုံး နိုင်ဖို့ဆိုတာတောင်မှ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီဟာက ဒီလောက်တောင် ပြင်ဆင်ရခက်နေရင်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော်တို့ ဘဘဦးကြည်မောင် ပြောခဲ့သလို ရှေးလူတွေကနေပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ နောက်လူတွေရဲ့ လည်ပင်းကို ညှစ်နေသလိုမျိုးဖြစ်နေမယ် ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အများကြီး ဒုက္ခရောက် ကြရဦးမှာပါ။

မေး။ ။ ဆိုတော့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးလမ်းကြောင်းကတော့ ပိတ်နေဆဲ ဆိုတဲ့ဟာမျိုးပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ အဲ့ဒီလမ်းကြောင်းကို ကျွန်တော်တို့ ထပ်ဖွင့်ရင် ဘယ်နည်းလမ်းနဲ့ ဖွင့်လို့ရနိုင်မလဲဆရာ။

ဖြေ။ ။ အရေးကြီးတာက ဒီမှာ ပါဝင်ပတ်သက်နေတဲ့ တာဝန်ရှိသူအားလုံးရဲ့ သူတို့ရဲ့ ထက်သန်တဲ့ ဆန္ဒပါ။ ကျွန်တော် ခုနပြောပြီးသွားပြီ။ မိမိရဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းထက် တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ဦးစားပေးတဲ့ တစ်နေ့မှာ ဒါဟာ ဘာမှခဲယဉ်းတဲ့ ကိစ္စမဟုတ်ပါဘူး။ လူလုပ်ထားတဲ့ ပစ္စည်း လူပြင်လို့ မရဘူးဆိုတာ မရှိပါဘူး။

မေး။ ။ နောက် ၂ နှစ်ဆိုရင်လည်း အထွေထွေရွေးကောက်ပွဲက လာတော့မှာပေါ့နော်။ အဲ့ဒီတော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြင်ဆင်ထားတာတွေ၊ မူဝါဒတွေ အခုတည်းက စတင်ပြီးတော့ ဘာတွေလုပ်နေပြီလဲခင်ဗျာ။

ဖြေ။ ။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်က ဒီဟာပြီးရင်ပေါ့။ ဘယ်လိုသော ရလဒ် ပေါ်ပေါက် လာသည်ဖြစ်စေ ၂၀၂၀ အတွက် ကြိုတင်ပြင်ဆင်မှု၊ ကိစ္စလေးတွေ ကျွန်တော်တို့ အကြံပေးဖို့ စဉ်းစား ထားတာရှိတယ်။ သို့သော် ဒါတွေက ကျွန်တော်ကတော့ လောလောဆယ်မှာ အတည်လည်း မပြုရ သေးဘူး၊ မတင်ပြရသေးဘူးဆိုတော့ ဒီဟာကိုတော့ ကျွန်တော်တို့ ပြောလို့မဖြစ် ပါဘူး။ ပါတီတွင်းမှာ လည်း ကျွန်တော်တို့ ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ နောက် အုပ်ချုပ်ရေးပိုင်းနဲ့၊ ဥပဒေပြုရေးပိုင်း မှာ ကျွန်တော်တို့ တာဝန်ပေးမယ့်လူတွေကို လေ့ကျင့်ပညာပေးတာ၊ နောက်ပြီးတော့ သူတို့ရဲ့ အရည်အသွေးကို စစ်စစ်မှန်မှန် အကဲဖြတ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေတာ၊ ဒါတွေကိုကလည်း ပါဝင်ပါလိမ့်မယ်။

မေး။ ။ အဲ့ဒီတော့ လာမည့် ၂၀၂ဝမှာဆိုရင်တော့၊ လူမှန်နေရာမှန် အစရှိသည်အားဖြင့် ဒီအုပ်ချုပ်ရေး ပိုင်းမှာ တာဝန်ယူခဲ့တဲ့သူတွေပဲဖြစ်ဖြစ်၊ လွတ်တော် ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ်၊ မြင့်မား လာမည်ပေါ့ နော်။ ဆိုတော့ သင်တန်းတွေပေါ့နော် ရွေးချယ်တာပဲဖြစ်ဖြစ်ပေါ့နော် အဲ့ဒါတွေက ဘယ်လောက်ထိ လုပ်နေပြီလဲ ဆရာ။

ဖြေ။ ။ ကျွန်တော်တို့ ဒီဟာ အခုမှာ စတင်ပြီးတော့ အဆိုပြုဖို့ပဲ ရှိသေးပါတယ်။

မေး။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကြည့်လို့ရှိရင်ပေါ့၊ အခု နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နောက်ထပ်မျိုးဆက်ပေါ့လေ၊ ဒါလေးတွေကို ခဏခဏ ပြောသံ ကြားပါတယ်၊  ဆိုတော့ အခုအခြေအနေမှာရော အဲ့ဒီ ကွက်လပ်ကိုပြင်ဖို့ ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း အသက် ၇၆ နှစ်ရှိပြီဆိုတော့ အဲ့ဒီအပေါ်မှာရော ဆရာ ဘာများပြောလို့ရပါသလဲခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ ပြည်သူကို ပွင့်ပွင့်လင်းလင်း ကြေညာထားပြီးပါပြီ။  ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁) က အခုသမ္မတကြီး ဦးဝင်းမြင့်။ ဒုဥက္ကဋ္ဌ (၂) က ဒေါက်တာဇော်မြင့်မောင်၊ နောက် အတွင်းရေးမူးအဖွဲ့ဝင်များဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်၊ ကျန်တာက ဗဟိုအလုပ်မှုဆောင်အဖွဲ့ ၊ ဒါက ကျွန်တော်တို့ ပါတီကို အစဉ်အဆက် ဆက်လက်ပြီး တော့ ဦးဆောင်သွားမယ့် Line Up လို့လည်း ပြောလို့ရပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အခုလုပ်နေတဲ့ ကျွန်တော်တို့ ပါတီတွင်းမှာ၊ ကျစ်လစ်ခိုင်မာရေးတွေ နောက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံတော်အတွက် လုပ်နေတဲ့ ဥပဒေပြုရေး ၊အုပ်ချုပ်ရေးပိုင်းအရ ဒီဥပဒေတွေကို ခေတ်နဲ့ လျော်ညီအောင် ပြင်နေတာတွေ၊ အဲ့ဒါတွေဟာလည်း နောင်ပါတီကို သူက ပြန်ပြီး ထိန်းသွားမှာပါ။ ခိုင်မာတဲ့ အပြန်အလှန်ထိန်းကျောင်းမယ့်စနစ်တွေ ပေါ်လာပြီဆိုတာနဲ့ တစ်ဦးတည်း တစ်ယောက်တည်းက မိမိစိတ်တိုင်းကျ လုပ်သွားတယ်၊ ဥပဒေမဲ့လုပ်သွားတယ် ဆိုတာမျိုး မဖြစ်အောင် လုပ်နိုင်တဲ့ အကျင့်ပါ။ ဒီပါတီဟာ ပုဂ္ဂိုလ်ကိုလည်း သူကစွဲသွားမှာ မဟုတ်တော့ဘဲနဲ့ အရည်အချင်းရှိရင် ရှိသလို ပြည်သူတွေ၊ ပါတီဝင်တွေ ရွေးချယ်ရင် ရွေးချယ်သလို နေရာယူ၊ တာဝန်ယူနိုင်ပါတယ်။

မေး။ ။ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးလို့ ပြောလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက်ပိုင်းမှာ၊ အနောက်ဥရောပ နိုင်ငံတွေက တော်တော်လေးကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားပေးခဲ့တာ ထောက်ခံခဲ့တာ ရှိပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းမှာပဲ ရခိုင်အခက်အခဲ ဖြစ်ပြီးတဲ့ နောက်မှာ သူတို့အနေနဲ့ နည်းနည်းလေးဆက်ဆံရေး တွန့်ဆုတ်သွားတာ ရှိတယ်လို့ သုံးသပ်လို့ရပါတယ်၊ အဲ့ဒီအပေါ်မှာရော ဆရာ ဘာများပြောလို့ရပါသလဲခင်ဗျာ ။

ဖြေ။ ။ အဲ့ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကိစ္စကို သူတို့က၊ သူတို့ရဲ့ အနောက်တိုင်း စံနှုန်းတွေနဲ့ အကဲဖြတ်ကြပါတယ်။ နောက်တစ်ခါသူတို့က မျှော်လင့်နေတာက မြန်မာနိုင်ငံဟာ သူတို့ရဲ့ အနောက်တိုင်း စံနှုန်းများကို တစ်သွေဝေမတိမ်း လိုက်နာလိမ့်မယ်၊ သူတို့ရဲ့ ပုံစံအတိုင်း ပါလာလိမ့်မယ်လို့ ဒါမျှော်လင့်နေပါတယ်။ ဒါဟာ သူတို့ရဲ့ နည်းနည်းအကဲဖြတ်မှုနေရာမှာ နည်းနည်းလိုအပ်တာလို့ ကျွန်တော်တို့ ထင်ပါတယ်။

မေး။ ။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလို့ပဲပြောပြော နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် လို့ပဲဆိုဆိုပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတွေ ရုပ်သိမ်းခံရတာ ရှိပါတယ်၊ အဲ့ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဒီအပေါ်မှာ ဘာများ ပြောလို့ရပါသလဲခင်ဗျား။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ ပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုပြီးတော့ ပေးထားတဲ့ ဆုတွေ ဘွဲ့တံဆိပ်တွေ ပြန်လည်ရုပ်သိမ်းတာကတော့ တစ်နည်းအားဖြင့် ဂုဏ်သိက္ခာညှိုးနှိမ်လိုက်တဲ့ သဘောပါပဲ။ ဒါဟာ အင်မတန်က မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ ဒီဆုတွေကို လက်ခံတုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားလေးကို ကျွန်တော်ပြန်အမှတ်ရစေချင် ပါတယ်။ ဟောဒီ ဆုတွေကို ကျွန်မက ကျွန်မအတွက် လက်ခံတာမဟုတ်ပါဘူး ၊ ဒီမိုကရေစီရေး အတွက် လုပ်ဆောင်နေကြတဲ့ ကျွန်မတို့ရဲ့ ပုဂ္ဂိုလ်အပေါင်းကိုယ်စား ပြည်သူအားလုံးရဲ့ကိုယ်စား လက်ခံခဲ့ပါတယ် လို့ ပြောခဲ့ပါတယ်။ ဒါဆို ဒီလိုဆုတွေ ရုပ်သိမ်းတာဟာ မြန်မာပြည်သူတွေကို ဂုဏ်သိမ်် ညှိုးနွမ်းအောင် လုပ်နေတာလား။ ဒါဟာ ကျွန်တော်တို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အနောက်နိုင်ငံတွေရဲ့  မီဒီယာတွေကိုကြည့်လိုက်ရင် အနောက်နိုင်ငံတွေမှာ ကျွန်တော်တို့ ပြည်တွင်းမှာ အမှန်တကယ် ဖြစ်ပျက်နေတာထက် ဒီဒုက္ခသည်တွေကို အသားပေးပြီးတော့ ဖော်ပြတဲ့ သတင်းတွေက အစပေါင်းများစွာ ပိုနေပါတယ် ကျွန်တော်တို့ပြောတာက ဒီဖက်နိုင်ငံတွေမှာ ရောက်နေတဲ့ ဒုက္ခသည် သိန်းပေါင်းများစွာအနက်မှာ တစ်ဦးတစ်လေမှတောင် ပြန်မလာချင်ဘူး ဆိုတဲ့ ကိစ္စမျိုးကို ဒါ ယုတ္တိလုံးဝမရှိဘူးလို့ ကျွန်တော်ကတော့ထင်ပါတယ်။ ပြန်လာချင်တဲ့ လူများရဲ့ ခေါင်းဆောင်ဟာ အသတ်ခံရပါတယ်၊ အဲ့ဒီလိုကိစ္စမျိုးတွေရှိတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာလည်း ကျွန်တော်တို့ နိုင်ငံသား ဟိန္ဒူလူမျိုး ရာပေါင်းများစွာ အသတ်ခံရတယ် ကျွန်တော်တို့ရဲ့ ရှားပါး တိုင်းရင်းသား မြို၊ ခမာ၊မရမာကြီး စတဲ့လူမျိုးတွေ အသတ်ခံရတာတွေရှိတယ်။ အဲ့ဒါတွေကျတော့ အနောက်နိုင်ငံ မီဒီယာတွေက တမင်ရည်ရွယ်ချက် ရှိရှိနဲ့ကို ထိမ်ဝှက်ပြီးတော့ ဒါမှမဟုတ် လျှော့ပေါ့ပြီးတော့ ရေးခဲ့ကြတာမျိုး ရှိတာဟာ မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ထင်မြင်ချက်မှာ အများကြီးကို အကျိုးသက်ရောက်မှုရှိပါတယ်။   ။

ရွေးကောက်ပွဲသင်ခန်းစာ ၊ NLD ရဲ့ ရှေ့မူဝါဒ နှင့် ဥပဒေထိရောက်ဖို့ . . .  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/52709

ပြည်သူ့အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး နဲ့ တိုင်းရင်းသား လူမျိုးအချင်းချင်း ယုံကြည်မှုအခက်အခဲ . . .  အပိုင်း( ၂  )အပြည့်အစုံ - http://www.mizzimaburmese.com/article/52735

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly