နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်မှဒုက္ခသည်များ လှေစီးထွက်ပြေးမှု နှစ်ကြိမ်ဖြစ်ပွား

နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်မှဒုက္ခသည်များ လှေစီးထွက်ပြေးမှု နှစ်ကြိမ်ဖြစ်ပွား
ကျောက်တန်းတွင် တွေ့ရှိရသော ထွက်ပြေးလာသူ ဘင်္ဂါလီ ၁၀၀ ကျော်အနက်မှ အမျိုးသမီးများကို ရဲကားပေါ်တွင် နိုဝင်ဘာလ ၁၆ ရက်က တွေ့မြင်ရစဉ်။ Hla-Hla HTAY / AFP

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ။            ။ နိုဝင်ဘာလအတွင်း ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအနေဖြင့် လှေစီးထွက်ပြေးမှု နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်တွင် တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်အနီးပင်လယ်ပြင်၌  နိုဝင်ဘာလ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အနီး ပင်လယ်ပြင်၌ ဖမ်းဆီးရမိခဲ့သည့် ရခိုင်ပြည်နယ်အတွင်းမှ  ထွက်ပြေးလာခဲ့သော ဒုက္ခသည်များကို မူလနေထိုင်ရာ စစ်တွေမြို့သို့  ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု လောင်းလုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောဆိုခဲ့သည်။

ယင်းဒုက္ခသည်များသည် စစ်တွေမြို့၊ သဲချောင်းကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ ဒုက္ခသည်စခန်းမှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရန် ကြိုးစားကြသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများတွင် ဖော်ပြထားကြောင်း ဦးဗိုလ်ထွေးကပြောသည်။

“နိုဝင်ဘာ ၂၇ ရက်နေ့ ညက ပြန်ပို့လိုက်တာ။ တပ်မတော်ယာဉ်နဲ့ပဲ စစ်တွေမြို့ကို ပြန်ပို့လိုက်တာပါ။ ဒီက လဝက မြို့နယ်ဦးစီးမှူးတစ်ယောက် ဦးဆောင်ပြီး လိုက်ပါသွားတယ်” ဟု ၄င်းကဆိုသည်။

လောင်းလုံမြို့နယ်၏ အနောက်တောင်ဘက် ဘုတ်ကျွန်းအနီး ပင်လယ်ပြင်တွင် ဘင်္ဂါလီဒုက္ခသည် ၉၃ ဦး  လိုက်ပါလာသည့်လှေတစ်စင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ညက တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းလှေပေါ်တွင် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦး၊ ကလေး ၃၂ ဦး စုစုပေါင်း ၉၃ ဦး လိုက်ပါလာခြင်းဖြစ်သည်။

လှေပေါ်တွင် လိုက်ပါလာသည့် ဒုက္ခသည်များသည် ပွဲစားနှင့် ချိတ်ဆက်ပြီး တစ်ဦးလျှင် မြန်မာငွေကျပ် ၅ သိန်းပေးကာ မလေးရှားနိုင်ငံကို သွားရန် ရခိုင်ပြည်နယ်၊ ဒါးပိုင်ကျေးရွာ ဒုက္ခသည်စခန်းမှ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများမှ ရရှိသည့် အချက်အလက်များကို ကိုးကားပြီး ဦးဗိုလ်ထွေးက ပြောဆိုသည်။

လက်ရှိ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းအထိ လောင်းလုံမြို့နယ်အနီးမှ ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ဒုက္ခသည် များနှင့် ပတ်သက်ပြီး အစိုးရဘက်က တရားဝင်သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

စခန်းအတွင်း နေထိုင်ရသည့် ကာလမှာ ၆ နှစ်ကျော်လာပြီ ဖြစ်သော်လည်း လွတ်လပ်စွာသွားလာခွင့် မရရှိခြင်းကြောင့် ယခုလို လှေစီးထွက်ပြေးကြခြင်းဖြစ်သည်ဟု စစ်တွေမြို့အနီးရှိ သက္ကေပြင်ဒုက္ခသည် ကယ်ဆယ်ရေးစခန်းမှ အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးက ဆိုသည်။

“ဟိုသွားချင်တယ်။ ဒီသွားချင်တယ်။ မြို့ပေါ်သွားချင်တယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ကိုင်ရှာဖွေစားချင်တယ်။ အစိုးရက လာကူညီတာလည်းရှိပါတယ်။ NGO တွေက လာကူညီတာလည်းရှိပါတယ်။ သူတို့ကျေးဇူးတွေကို မမေ့ပါဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် လုပ်ချင်သလို စားချင်သလို လုပ်ကိုင်စားလို့မရလို့ ထွက်သွားကြတာပါ” ဟု အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ သက္ကေပြင်ဒုက္ခသည်စခန်းမှ ထွက်ပြေးလာ သည့် ဘင်္ဂါလီ ဒုက္ခသည် ၁၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အနီးတွင် ဖမ်းမိခဲ့ပြီး ယင်းတို့ကို နေရပ်သို့ အစိုးရမှ ပြန်လည်ပို့ဆောင်ခဲ့သည်။

ယခု လှေစီးထွက်ပြေးနေကြသည့် ဒုက္ခသည်စခန်းများသည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဖွင့်လှစ်ထားသည့် စခန်းများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly