ပဲများကို အိန္ဒိယသို့ ပြန်တင်ပို့နိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုသွားမည်

ပဲများကို အိန္ဒိယသို့ ပြန်တင်ပို့နိုင်ရေး နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုသွားမည်

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ။            ။ မြန်မာအစိုးရ အနေဖြင့် အိန္ဒိယသို့ ပဲစဉ်းငုံ ၊မတ်ပဲနှင့် ပဲတီစိမ်းများကို စျေးနှုန်းသတ်မှတ်ချက်တစ်ခုနှင့် တင်ပို့နိုင်ရေးအတွက်  နှစ်နိုင်ငံ သဘောတူစာချုပ်ကို မကြာမီရက်ပိုင်းအတွင်း ချုပ်ဆိုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“အာမခံနဲ့ရောင်းနိုင်အောင်လို့ ကျွန်တော်တ်ု့ိ ကနေပြီးတော့ သူတို့နဲ့ G to G စာချုပ် ချုပ်ဆိုမယ်။ တန်ချိန် ၂ သိန်းဖြစ်ဖြစ် ၊ ၃ သိန်းဖြစ်ဖြစ် ချုပ်ဆိုမယ်။ ချုပ်ဆိုတဲ့အခါမှာ သူတို့က စျေးနှုန်းက ကြိုပြီးတော့ သဘောတူထားရမယ်။ စျေးက အတက်အကျ ရှိချင်မှ ရှိမယ်”ဟု ၄င်းကပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်း လာရောက်ဖြေကြားပြီး ပြန်ထွက်ချိန်တွင် ဒုတိယဝန်ကြီးဦးအောင်ထူးက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပဲများကို အိန္ဒိယဘက်မှ စျေးနှုန်းသတ်မှတ်ရာတွင်  ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းကို ပိုပေးသွားမည်ဖြစ်ပြီး၊ ကုန်သည်အချို့သည် စျေးကွက်ပေါက်စျေး အတက်အကျအလိုက် ရောင်းချချင်သော်လည်း ထိုသို့ စျေးနှုန်း တစ်သတ်မှတ်တည်း ရောင်းချနိုင်သောကြောင့် စိုက်ပျိုးသူ တောင်သူများအတွက် အကျိုးရှိနိုင်ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။

“အခုတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ Mouကို သူတို့ဘက်ကို ပေးထားပြီးပါပြီ။ အဲ့ဒါကတော့ သူတို့ဘက်က သဘောတူတယ်ဆိုရင် ကျွန်တော်တို့ Sign ထိုးလို့ရပြီ”ဟု ဒုဝန်ကြဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

နှစ်နို်င်ငံသဘော တူစာချုပ် G to G ဖြင့် တင်ပို့ရောင်းချရန်အတွက် တင်ပို့ရမည့် တန်ချိန်နှင့် စျေးနှုန်းကိုတော့ နှစ်နိုင်ငံ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ တင်ပို့ရောင်းချရမည့် Quota ( အကန့်အသတ်ဖြင့် ခွင့်ပြုပဏာမ)တန်ချိန် (၁.၅)သိန်းကိုလည်း  စျေးကွက်ပေါက်စျေးအလိုက် ထပ်မံရောင်းချခွင့်ရှိမည်ဖြစ်သည်။

“ကျွန်တော်တို့က စာချုပ်က တန်ချိန် ၂သိန်း၊ ၃သိန်းပဲဖြစ်ဖြစ် ချုပ်ထားတယ်ဆိုရင်တော့ ဒါကတော့ မရမနေ ကျွန်တော်တို့ ရောင်းမှာပေါ့”ဟု စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

အိန္ဒိယ နိုင်ငံတွင် အောင်မြင်သည့် ပဲစိုက်ပျိုးထွက်ရှိမှုကြောင့် အိန္ဒိယပဲစိုက်တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်ဟုဆိုကာ ၄င်းနိုင်ငံ အစိုးရမှ ပြည်ပမှ ပဲဝယ်ယူတင်သွင်းမှုကို၂၀၁၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှ ၂၀၁၈ မတ်လ ၃ ရက်နေ့အထိ ပဲစဉ်းငုံတင်သွင်းမှုကို ကန့်သတ်ထားပြီး၊ သြဂုတ်လ ၂၁ ရက်မှ ၂၀၁၈ခုနှစ် မတ်လ ၃ရက်နေ့အထိ ပဲတီစိမ်းတင်သွင်းမှုကို အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ ပဲစိုက်တောင်သူများ၏ ပြည်ပသို့တင်ပို့သည့် စျေးနှုန်းသည် အာမခံချက် တစ်ခုရရှိလာစေရန် နှစ်နိုင်ငံသဘောတူစာချုပ် G to G ဖြင့် တင်သွင်းရောင်းချရန်  စီစဉ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ပဲတီစိမ်း တစ်တန်(၁၂)သိန်း၊ မတ်ပဲတစ်တန်(၈)သိန်းနှင့် ပဲစဉ်းငုံတစ်တန်(၉)သိန်း ခန့်တို့ဖြင့် အိန္ဒိယသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ပဲစဉ်းငုံ စျေးကွက်သည် အိန္ဒိယတစ်နိုင်ငံတည်းအတွက်သာ စျေးကွက်ရှိပြီး ပဲတီစိမ်းစျေးကွက်သည် တရုတ်၊ ဂျပန်နှင့် ဥရောပ စျေးကွက်တိို့လည်း ရှိနေသောကြောင့် ပဲတီစိမ်းကို ပိုမိုတိုးစိုက်ပြီး ပဲစဉ်းငုံကို လျော့ချ စိုက်ပျိုးစေလိုကြောင်း ဝန်ကြီးပြောဆိုချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly