မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ ဝင်လာသူ ၁၁ဦးကို ဖမ်းမိ

မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ ဝင်လာသူ ၁၁ဦးကို ဖမ်းမိ

မကွေး၊ နိုဝင်ဘာ ၂၈ ။           ။ မကွေးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော အထောက်အထားမဲ့ ၁၁ဦးကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာ၊ အနောက်ဘက်(၃)မိုင်ခန့်အကွာတွင် နိုဝင်ဘာလ ၂ရရက် ည ၁ဝနာရီ အချိန်ခန့်က တရားမဝင်ဝင်ရောက်လာသော အထောက်အထားမဲ့ (၁၁)ဦးကို မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂ရရက် ည ၁ဝနာရီအချိန်တွင် မီးလောင်းကုန်းကျေးရွာအုပ်ချူပ်ရေးမှူးဦးမောင်လှိုင်က မသင်္ကာ ဖွယ်ရာလူစိမ်းများ ရွာအနီးတွင်တွေ့ရှိရကြောင်း သတင်းပေးပို့သဖြင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့က အဆိုပါမီးလောင်ကုန်းကျေးရွာနယ်မြေ အနီးဝန်းကျင်တွင် နယ်မြေစစ်ဆေးရေးဝင်ရောက်ခဲ့သည်ဟုသိရသည်။

နယ်မြေအတွင်း စစ်ဆေးရှာဖွေခဲ့ရာ မီးလောင်ကုန်းကျေးရွာ၏ အနောက်ဘက်(၃)မိုင်ခန့်အကွာဆားတွင်းကွင်းဒေသ တောထဲသို့ရောက်ရှိလာပြီး အဆိုပါတောစပ်တစ်နေရာ၌ အထောက်အထားမဲ့ဝင်ရောက်လာသည့် ကျား (၁၀)ဦး၊ မ(၁)ဦး စုစုပေါင်း(၁၁)ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရေနံမနယ်မြေစခန်းမှူးရဲအုပ်မျိုးမင်းထွန်း ကပြောသည်။

ဖမ်းမိခဲ့သူများကို နိုဝင်ဘာလ ၂၈ရက် နံနက် ၁နာရီအချိန်တွင် မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဖမ်းဆီးခေါ်ဆောင်လာပြီး နံနက် ၄နာရီအချိန်တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးသို့ရောက်ရှိခဲ့ကြကြောင်းသိရသည်။ မင်း လှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ အရောက်တွင် ၄င်းတို့အား မြို့နယ်လဝကဦးစီးမှူး အပါအဝင် အခြားတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းစစ်ဆေးခဲ့ရာ ၎င်းတို့သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊မင်းပြားမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး လွန်ခဲ့သော(၁၅)ရက်ခန့်ကစတင်ကာ ရန်ကုန်တွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို မပတ အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလှမြို့တွင် ၂၀၁၈ မတ်လ မှနိုဝင်ဘာလအထိ (၉)လတာအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူ (၁၃၁)ဦးရှိပြီဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly