ကျပ်သိန်း ၂၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဘဏ်ကြီးကြပ်ရေးမှူးတစ်ဦးကို တိုင်ကြားမှု ဖြစ်ပွား

ကျပ်သိန်း ၂၀၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဘဏ်ကြီးကြပ်ရေးမှူးတစ်ဦးကို တိုင်ကြားမှု ဖြစ်ပွား

မကွေး၊ နိုဝင်ဘာ ၂၈ ။          ။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ်(၂)နယ်မြေရဲစခန်းတွင် ဘဏ်ကြီးကြပ်ရေးမှူးတစ်ဦးက ကျပ် သိန်း ၂၀၀၀ ကျော် အလွဲသုံးစား ပြုသည်ဟုဆိုကာ အရေးယူပေးပါရန် နိုဝင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က တိုင်တန်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ရက် နံက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌ မိတ္ထီလာမြို့ “သမဝါယမဘဏ်” ရုံးခွဲတွင် ရန်ကုန်ရုံးချုပ်စစ်ဆေးရေးအဖွဲ့မှ အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က အခြား ဘဏ်မန်နေဂျာတစ်ဦးနှင့်အတူ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဘဏ်၏ ယာယီသုံးငွေ စာရင်း ဝင်/ထွက်ငွေများကို စစ်ဆေးခဲ့ရာမှ ယင်းသို့ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၈ ရက်က စတင်ခန့်ထားခဲ့သော အဆိုပါ ဘဏ်ကြီးကြပ်ရေးမှူး ၏ ဘဏ်ငွေစုစာအုပ် အကောင့်နံပါတ် 1472006049 ဖြင့် စုစုပေါင်း(၅၈)ကြိမ်အတွင်း ယာယီငွေစာရင်းရှိ ဘဏ်ငွေများမှ ငွေ(၂၀၆၉၀၉၉၆၉) ကျပ်ကို အသွင်း/အထုတ်စာရင်းလွှဲပြောင်း အလွဲသုံးစား ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါဘဏ်ကြီးကြပ်ရေးမှူးကို လာရောက်ရှင်းလင်းရန် သွားရောက်ခေါ်ဆောင်သော်လည်း တိမ်းရှောင်နေ သဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူပေးပါရန် ဒေါ်ကြည်စင်လဲ့ (ဘဏ်မန်နေဂျာ) က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မိတ္ထီလာမြို့အမှတ်(၂)နယ်မြေရဲစခန်း (ပ)၄၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required