မန္တလေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု နှင့် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော် ကျင်းပ

မန္တလေးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု နှင့် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော် ကျင်းပ

မန္တလေး၊နိုဝင်ဘာ ၂၈ ။            ။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားကို မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် (၆၂)လမ်း နှင့် (၄၁)လမ်းထောင့်ရှိ မနော်ရမ္မံကွင်းတွင် (၂၀၁၈)ခုနှစ် နိုဝင်ဘာ(၂၈)ရက် ၊ နံနက်ပိုင်းမှစတင်ကာ ကျင်းပခဲ့ကြောင်း သိရသည်။

 
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားတွင် အသိပညာပေး ဖျော်ဖြေမှုများ၊ ကာတွန်းပြပွဲများ၊ အသိပညာပေးပြခန်းများကို ပြသထားပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ပြည်သူလူထုအကြား အသိပညာတိုးပွားလာစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေတစ်ရပ်ကို အတည်ပြု ပြဌာန်းနိုင်ရန်အတွက် ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 
ထို့အပြင် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော်ကို မနော်ရမ္မံ ပန်းခြံတွင် ညနေ(၄)နာရီမှစတင်၍ ပြသခဲ့ရာ အဆိုပါ ပြပွဲတွင် မေတ္တာရောင်စဉ်တန်းများ (Rays of Amour)၊ သို့ (To)၊ ခရီးဆက်သူ (Traveller)၊ အာလူးမ (Unsilent Potato)၊ ချင်းတောင်တန်းမှ တောရိုင်းပန်း (Wild Flower from Chin Land) စသော မှတ်တမ်း ရုပ်ရှင်များ (Documentary Films) နှင့် ကျွဲကျောင်းသားလေး (Buffalo Boy)၊ ရောင်းကုန် (The Goods)၊ မျှော်လင့်ချက်တစ်ခု (Hope)၊ မဟာမာယာအတွက် အခွင့်အရေး (The Rights for Mahamaya)၊ တယ်လီ ဖုန်းနံပါတ် (The Telephone Number) စသော ဇာတ်လမ်းတိုရုပ်ရှင်များ (Short Films) ကို ပြသသွားမည် ဖြစ်သည်။

 ရုပ်ရှင်၊ မှတ်တမ်း၊ ဇာတ်လမ်းရိုက်ကူးသူများ၏ အနုပညာစွမ်းအားဖြင့် ပံ့ပိုးကူညီမှုကို အားပြုကာ ပြည်သူ လူထုအကြားတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကို ပိုမိုသတိပြုမိလာစေရန်၊ ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ လူထုအသိပညာပေး သတင်းအချက်အလက်များပိုမိုကျယ်ပြန့်လာစေရန် နှင့် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ် ၊ ထာဝရ ဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required