ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့ မောင်တောသို့ ရောက်ရှိ

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့ မောင်တောသို့ ရောက်ရှိ
Photo - MOI

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။              ။ ရခိုင်ပြည်နယ်တွင်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် “အာဆီယံလူသားချင်းစာနာမှု အကူအညီများညှိနှိုင်းရေးဌာန” (AHA Centre) အဖွဲ့မှတာဝန်ရှိသူများသည် မောင်တောမြို့သို့ရောက်ရှိနေကြောင်း အစိုးရ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

စင်ကာပူနိုင်ငံတွင် (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေး ကျင်းပနေစဉ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အာဆီယံလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တာဝန်ရှိသူများသည် ဗီဒီယိုကွန်ဖရင့်ပြုလုပ်၍ သဘော တူညီချက်များ ပြုလုပ်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်နှစ်ဦးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေးစခန်းများသို့ နိုဝင်ဘာ ၂၇ ရက်မှ ၃ဝ ရက်အထိက ကနဦးသွားရောက်လေ့လာမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် ဒေါက်တာစည်သူဖေသိန်းနှင့်Ms. Annisa Nurul Wahidah ၊ AHA Centre မှ ကိုယ်စားလှယ် Mr. Arnel Capili နှင့် Mr. Janggam Adhityawarma တို့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်တွင် ရောက်ရှိခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်လက်ခံရေး လုပ်ငန်းများစတင်ချိန်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ AHA Centre မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည်ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာပြီး လိုအပ်သော ပူးပေါင်းကူညီမှုများ ဆောင်ရွက်ရန်နှင့်လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်မှုများ ပြုလုပ် ဆောင်ရွက်သွားရန် ရှိကြောင်းလည်းသိရသည်။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများစွာထဲမှ စိစစ်ပြီးသော မိသားစု ၄၈၅စုမှ လူဦးရေ ၂၂၆၁ဦးကို ပထမအသုတ်အဖြစ် နိုဝင်ဘာ ၁၅ရက်တွင် စတင် လွှဲပြောင်းလက်ခံရန် အောက်တိုဘာ လကုန်ပိုင်းက ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် သဘောတူခဲ့သည်။

သို့သော် အဆိုပါသဘောတူထားသည့် လူဦးရေ ၂၂၆၁ဦးကို လက်ခံရန် မြန်မာအစိုးရက တောင်ပြိုလက်ဝဲ စခန်းတွင် အသင့်စောင့်ဆိုင်းခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်က တစ်ဦးတစ်ယောက်မျှ စတင်လွဲပြောင်းခြင်း မရှိသေးကြောင်းလည်းသိရသည်။

ထို့အပြင် စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးတွင် နှစ်ဖက်အသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဖော်ဆောင်ရာတွင် အစိုးရ အနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အတွက်သာမက ရေရှည်အတွက်ရည်ရွယ်၍ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်နေကြောင်း အာဆီယံအစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေး ရာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိုက်အဝန်း နှစ်ရပ် ကြား သဟဇာတဖြစ်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်ရာတွင်လည်းကောင်း အပြုသဘောဖြင့် ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်း အာဆီယံခေါင်းဆောင်များကပြောကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly