ဒီမိုကရေစီနိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရွေးကောက်ပွဲမှတစ်ဆင့် NLDက ပြောင်းလဲမည်ဟု ထုတ်ပြန်

ဒီမိုကရေစီနိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရွေးကောက်ပွဲမှတစ်ဆင့် NLDက ပြောင်းလဲမည်ဟု ထုတ်ပြန်

ရန်ကုန် စက်တင်ဘာ ၂၇။ ။ မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောင်းလဲမည်ဟု စက်တင်ဘာ ၂၇ရက်တွင် NLD ကထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ရက်သည် NLD ပါတီတည်ထောင်သည့် ၂၇နှစ်ပြည့်သည့် အချိန်လည်း ဖြစ်သည်။ ယင်း ၂၇နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပါတီကဆောင်ရွက်မည့် သဘောထားများကို ထုတ်ပြန်ခြင်းလည်းဖြစ်သည်။

"လွန်ခဲ့တဲ ၂၇နှစ်အတွင်း အန္တရာယ်အခက်အခဲမျိုးစုံနဲ့ ကြုံတွေရပေမယ့်လုံးဝလက်မလွှတ်ခဲ့ပါ။ ၂၀၁၀ကစပြီး ကျွန်မတို့အဖွဲ့ချုပ်က ဒုတိယပင်လုံညီလာခံကျင်းပရေးကို ဦးတည်ခဲ့တာဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်း စုကြည်၏ ၂၇နှစ်ပြည့်အထိမ်းအမှတ်စကားကို ထုတ်ပြန်ချက်အတွင်း ထည့်သွင်းထားသည်။

ယင်းအပြင် NLD ကစစ်မှန်သည့်နိုင်ငံရေးအပြောင်းအလဲကို ပေါင်းစည်းဖြည့်စည်းသောအားဖြင့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကိုလည်း အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိမည်ဟု သန္နိဌာန်ချမှတ်ကာ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်ကဆိုထားသည်။

စက်တင်ဘာ ၂၁ရက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံပိုင်ရုပ်မြင်သံကြားမှ မဲဆွယ်စည်းရုံး ဟောပြောရာတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများ၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းများကို ပြည်သူတို့က ၂၀၁၅ရွေးကောက်ပွဲမှ တစ်ဆင့်တာဝန်ပေးအပ်ပါက ထမ်းဆောင်လိုသည်ဟု ပြောဆိုထားသည်။

NLD က တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံ့ခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေး၊ ပြည်သူများအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ်ပေါ်ပေါက်လာရေး၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် ရည်မှန်းချက်မျာကိုလည်း ၎င်းတို့၏ ရွေးကောက်ပွဲကြေငြာစာတမ်းဖြင့် အသိပေးထားသည်။

NLD သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွှတ်တော်နေရာပေါငး ၁၁၃၅နေရာထိဝင်ရောက်ယှဉ်ပြိုင်သည့် အတိုက်အခံ ပါတီတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly