Hospital Diary ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှုရလာတဲ့ ဂုဏ်ရည်အေးကျော်

Hospital Diary ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှုရလာတဲ့ ဂုဏ်ရည်အေးကျော်
 photo : Gon Yi Aye Kyaw

ရန်ကုန်    နိုဝင်ဘာ   ၂၇ ။            ။ Hospital Diary (ဆေးရုံမှတ်တမ်း)လို့ အမည်ပေးထားထားတဲ့ရုပ်သံ ဇာတ်လမ်းတွဲအပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေ အများကြီးရခဲ့တယ်လို့ Miss International Myanmar  2013 အလှမယ်၊ သရုပ်ဆောင် ဂုဏ်ရည်အေးကျော်က ပြောပါတယ်။

" ဂုဏ်ရည်ရဲ့ပထမဆုံးသရုပ်ဆောင်မှုပါ။ ပထမဆုံးသရုပ်ဆောင်မှုအတွက် တော်တော်သဘာဝကျ တယ်ဆိုတဲ့ ပရိသတ်ရဲ့ မှတ်ချက်တွေရတယ်။ အဲဒီအတွက်လည်း ဂုဏ်ရည်က သဘောကျပါတယ်။ ပထမဆုံးသရုပ်ဆောင် ရတာ ဟဲဗီးကြီးဖြစ်မနေဘူးပေါ့နော်။ အတင်းကြီးလုပ်ယူထားတဲ့အိုက်တင် မဟုတ်ဘဲ သဘာဝကျကျ လုပ်ယူ သွားနိုင်တယ်ဆိုတဲ့ comment တွေလည်း လာတယ်ဆိုတော့ နောက်ထပ်လည်း ဂုဏ်ရည် ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပါတယ်။" လို့ ဂုဏ်ရည်အေးကျော်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ရောဂါရှာဖွေရေးအဖွဲ့က ဆရာဝန်လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ပုံဖော် ရိုက်ကူးထားတဲ့ လူငယ်ဆရာဝန်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဆေးပညာအသိနည်းပါးတဲ့သူတွေ ဒုက္ခ ရောက်ပုံ တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး ပညာပေးဇာတ်ကားဖြစ်တယ်လို့ ဂုဏ်ရည်အေးကျော်က ဆက်ပြောပါတယ်။

" ဂုဏ်ရည်တို့က အဓိကပြချင်တာ လူနာနဲ့ ဆရာဝန်တွေကြားက ပဋိပက္ခလေးတွေ၊ လူနာတွေဘက်က မျှော်လင့်ချက်တွေ၊ ဆရာဝန်တွေဘက်က လူနာတွေအပေါ်မှာ ပြန်ပြီးဖြစ်စေချင်တာလေးတွေ၊ ပြီးတော့ လမ်းဘေးကွမ်းယာဆိုင်တွေက ဆေးတွေကို ပြီးစလွယ်ဝယ်သောက်နေတာတွေကို ပညာပေး ချင်တဲ့ အချက်တွေ အများကြီးပါတယ်။" ဂုဏ်ရည်အေးကျော်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာမင်းခိုက်စိုးစန်က ရိုက်ကူးပုံဖော်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်နဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူအောင်၊ သူရထူး၊ နွယ်ဒါလီထွန်း၊ ခင်သဇင်၊ ဂုဏ်ရည်အေးကျော်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းတွဲတစ်ခုလုံးကို နေပြည်တော်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားတွဲရိုက်ကူးစဉ်မှာ ရိုက်ကွင်း အလွဲလေးတွေလည်း ရှိခဲ့တယ်လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။

" ပထမဦးဆုံးရိုက်ရတဲ့အခန်းမှာ လူနာက အရေးပေါ်ကို အမောတွေဖောက်ပြီး ရောက်လာတယ်။ အဲဒီမှာ သွေးအေးအေးနဲ့ လူနာကိုကုပေးရတဲ့အခန်းမှာ နားကြပ်ပြောင်းပြန်ဖြစ်သွားတယ်။ အဲဒါကို မသိလိုက်ဘူး။ ထုတ်လုပ်သူတွေကလည်း မသိလိုက်သလို ရိုက်ကွင်းက ဒါရိုက်တာလည်း အဲဒါကိုသတိမပြုမိလိုက်ဘူး။ ထွက်လာပြီး ပရိုမိုကို ဖေ့ဘွတ်ခ်မှာလည်းတင်လိုက်ရော ၀ိုင်းပြီး ဝုန်းကြတယ်။ ဆရာဝန်က လာပြန်ပြီ နောက်ထပ် တစ်ကားပေါ့နော်။ နားကြပ်ကလေးတောင် တည့်တည့် မတပ်နိုင်ဘူးလား ဆိုပြီး။" လို့ ဂုဏ်ရည်အေးကျော်က ဆက်ပြောပါတယ်။

Hospital Diary (ဆေးရုံမှတ်တမ်း) မြန်မာရုပ်သံဇာတ်လမ်းတွဲ ကို MRTV ကနေ စက်တင်ဘာလ(၂၇) ရက်နေ့က စတင်ပြီး အပတ်စဉ် (ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ) နေ့တွေမှာ ည(ရးဝ၀) သတင်း အပြီး ထုတ်လွှင့်ပြသွားပေးနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly