အိန္ဒိယမှာ ပထမဆုံး ဆင်ဆေးရုံ ဖွင့်လှစ်

အိန္ဒိယမှာ ပထမဆုံး ဆင်ဆေးရုံ ဖွင့်လှစ်

နယူးဒေလီ၊ နိုဝင်ဘာ ၂၇ ။            ။ မီယာနဲ့ ရီယာ ဆင်ကြီးနှစ်ကောင်ဟာ နှစ််အတော်ကြာ သခင်တွေရဲ့ ပြုသမျှကို ခံခဲ့ရပေမယ့် လက်ရှိမှာတော့ အိန္ဒိယရဲ့ ပထမဆုံး ဆင်ဆေးရုံမှာ ကုသမှု ခံယူနေရပါပြီ။

ခုလို ဆင်ဆေးရုံ ဖွင့်လှစ်ခြင်းဟာ ဆင်ကြီးတွေ ကြုံရတဲ့ ဒုက္ခသုက္ခ အဝဝကို ပညာပေးဖို့ ရည်ရွယ်ချက်လည်း ပါပြီး ဆင်တွေကို ပြုစုစောင့်ရှောက်ပေးဖို့ ဖွင့်လှစ်တာပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ဟိန္ဒိူအများစု ပြည်သူတွေဟာ ဆင်ကို ကြီးမြတ်တယ်လို့ အထွဋ်အမြတ်ထားကြတာ ဖြစ်ပါတယ်။

မြောက်ပိုင်း မတ်သူရာမြို့မှာ ရှိနေတဲ့ ဒီ Wildlife SOS ဆင်ဆေးရုံဟာ နိုဝင်ဘာအစမှာပဲ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဆင်ကောင်ရေ ၂၃ ကောင်ကို ခုချိန်မှာ ဆေးဝါးကုသ စောင့်ရှောက်မှု ပေးနေပြီ။

အထူးကျွမ်းကျင်သူ ၂၀ နီးပါးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ဆင်တွေရဲ့ ကျန်းမာရေးကို ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

ဒီဆင်ဆေးရုံကြီးမှာဆိုရင် ဆင်တွေ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်အောင် တော်တော်လေး ကျယ်ဝန်းတဲ့ မြေလွတ်ကွက်လပ်တစ်ခုကိုလည်း ထားရှိပေးထားပါတယ်။

ဒီဂျစ်တယ် x-ray တွေလည်း တပ်ဆင်ထားသလို ဆင်တွေကို သယ်ယူပို့ဆောင်ရေးအတွက် အရေးပေါ်ကားတစ်စီးပါ ရှိနေတာ ဖြစ်ပါတယ်။

မီယာနဲ့ ရီယာ ဆင်ကြီးနှစ်ကောင်ကတော့ ဆက်ကပ်အဖွဲ့က နှစ်ရှည် ခိုင်းစားတာ ခံရတဲ့ ဆင်ကြီးတွေပါ။

ဆက်ကပ်ထဲမှာ ကိုယ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်စေတဲ့ ဆက်ဆံမှုတွေကို ဆယ်စုနှစ်တွေချီပြီး ရင်ဆိုင်ခဲ့ရပြီးမှ ၂၀၁၅ ခုနှစ်ရောက်မှ လွတ်မြောက်ခွင့်ရခဲ့တာပါ။

ဆင်ဆေးရုံကို ရောက်လာတော့မှာ မီယာနဲ ရီယာတို့ဟာ ခြေထောက်တွေက အနာဒဏ်ရာတွေကို ကုသပေးခံရတာဖြစ်ပါတယ်။

ဒီဆင်ဆေးရုံမှာ ဆင်တွေကို သင့်တော်တဲ့ သစ်သီဝလံတွေ၊ ကြံတွေ ကျွေးကာ ပြုစုစောင့်ရှောက်သလို မကြာခဏလည်း ရေချိုးပေးလျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆင်ကောင်ရေ ၂၇၀၀၀ ရှိပြီး အာရှတစ်တိုက်လုံးက ဆင်ကောင်ရေရဲ့ ထက်ဝက်နီးပါး ရှိနေတာ ဖြစ်ပါတယ်။

India ,elephant hospital

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly