တရုတ်အနောက်မြောက်မှာ ကြီးမားတဲ့ သဲမုန်တိုင်း တိုက်ခတ်

တရုတ်အနောက်မြောက်မှာ ကြီးမားတဲ့ သဲမုန်တိုင်း တိုက်ခတ်

ပေကျင်း၊ နိုဝင်ဘာ ၂၆ ။          ။ တရုတ်အနောက်မြောက်ပိုင်း မြို့တစ်မြို့ဟာ ကြီးမားတဲ့ သဲမုန်တိုင်းရဲ့ ဖုံးလွှမ်းခံရတာကြောင့် တောနယ်ဖက်တွေမှာ မီးလောင်မှုတွေ၊ ယာဉ်သွားယာဉ်လာ နှေးကွေးမှုတွေဖြစ်ပွားပေါ်ပေါက်ကာ ဒေသခံတွေလည်း မျက်နှာစည်းတွေ ဝတ်ဆင်ထားရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

CCTV ရုပ်သံဌာနနဲ့ သတင်းဖော်ပြမှုမှာ တိုက်ခတ်လာတဲ့ သဲမုန်တိုင်းတံတိုင်းကြီးဟာ ဂန်စုပြည်နယ်က ကျန်ယီမြို့ကို ဖုံးလွှမ်းဝါးမျိုပစ်လိုက်တာကို မြင်တွေ့ရပြီး မြို့တစ်ခုလုံး သဲမုန်တိုင်းကြောင့် အဝါရောင်မြူဆိုင်ကြီးလို ဖြစ်ပေါ်နေတာ မြင်တွေ့ရပါတယ်။

ဒေသခံတွေဟာလည်း မျက်နှာစည်းတွေ ဝတ်ဆင်လျက် နေ့စဉ်လုပ်ငန်းတွေကို လုပ်ဆောင်နေရတာကို ရှင်ဟွာသတင်းဌာနက ဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။

မြို့ရဲ့ အပိုင်းတော်တော်များများဟာ ၁၀၀ မီတာအကွာအထိ မမြင်နိုင်လောက်အောင် သဲမြူစိုင်ကြီး ဖုံးလွှမ်းသလို ဖြစ်နေပြီး ကားလမ်းတွေတစ်လျှောက်မှာ ဘေးကင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့််ကြက်ထားတာကိုလည်း CCTV သတင်းမှာ မြင်တွေ့ရပါတယ်။

ကားတွေလည်း တစ်ဖြေးဖြေးသာ မောင်းနှင်ကြရပြီး အန္တရာယ်ကင်းဖို့ ရဲတွေက လမ်းပြပေးနေရပါတယ်။

ကျေးလက်တောနယ်ပိုင်းမှာဆိုရင် မီးစမီးပွားတွေဟာ သဲမုန်တိိုင်းကြောင့် မြက်ခြောက်ပုံတွေဆီ ကူးစက်ပြီး မီးလောင်ကျွမ်းမှုတွေလည်း ဖြစ်ပွားကြောင်းသိရပါတယ်။

ခြောက်သွေ့တဲ့ ရာသီကြောင့် မီးလောင်မှုတွေ ဖြစ်ပွားနိုင်လို့ ကြိုတင်သတိရှိနေဖို့ ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးအကြံပြုချက်တွေ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required