အိန္ဒိယ- မြန်မာအတွက် ဆက်ဆံရေးတံတားတစ်စင်း တည်ဆောက်ခြင်း

By မဇ္ဈိမ
26 November 2018
အိန္ဒိယ- မြန်မာအတွက် ဆက်ဆံရေးတံတားတစ်စင်း တည်ဆောက်ခြင်း

မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် မစ္စတာ အင်န်ဘိုင်ရမ်ဆင်းချ်က အိန္ဒိယနှင့် မြန်မာကြား ဆက်ဆံရေးကို အလေးထား ပြောဆိုသည်။ မဏိပူရ်ပြည်နယ် အင်ဖာမြို့မှှာ မစ္စတာ အင်န်ဘိုင်ရမ်ဆင်းချ်နှင့် Mizzima အယ်ဒီတာချုပ် ဦးစိုးမြင့်တို့က အိန္ဒိယနှင့် မြန်မာ ချိတ်ဆက်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်နေချိန် နှစ်နိုင်ငံ၏ သမိုင်းဝင်အပြောင်းအလဲများအရေးကို ဆွေးနွေးပြောဆိုခဲ့သည်။

အဆိုပါ အထူးအင်တာဗျူးကို မဏိပူရ်၌ ၂၀၁၈ Sangai ပွဲတော် စတင်ကျင်းပချိန်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မေး။ ။ ခုလို ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ကို အချိန်ပေး တွေ့ဆုံတာအတွက် ကျေးဇူးတင်ပါတယ်။ ဝန်ကြီးချုပ်ဟာ ခုဆိုရင် တာဝန်ထမ်းဆောင်တာ ၁၈ လအထိ ရှိနေပါပြီ။ ဒီကာလအတွင်း ဝန်ကြီးချုပ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေက ဘာများ ဖြစ်ပါသလဲ။

ဖြေ။ ။ ခင်ဗျားအနေနဲ့ ဒီကို လာရောက်ပြီး ခုလိုအင်တာဗျူးတာအတွက် ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။ မဏိပူရ်သမိုင်းမှာ ဒါဟာ ပထမဆုံး ဖြစ်ပါလိမ့်မယ်။ အမှန်တကယ်ဆို ကျွန်တော်ရဲ့ ပြည်နယ်အတွက် တာဝန်ယူမှုဟာ ၁၈ လပဲ ရှိပါသေးတယ်။ ကျွန်တော်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးပါပဲ။ ပြည်နယ်အတွင်းက အသိုင်းအဝန်း၊ လူ့မှုအဖွဲ့အစည်းတွေကြား ဆက်ဆံရေးမှာ ယုံကြည်မှုတွေ ပြန်လည်ထွန်းကားလာရေးပဲ ဖြစ်ပါတယ်။  ပြီးတော့ ဒုတိယအနေနဲ့ကတော့ ဗဟိုအစိုးရရဲ့ အရှေ့တောင်အာရှမှှ ကျန်နယ်မြေဒေသတွေကို ရှေးရှုပြုတဲ့ ပေါ်လစီပေါ့။ အစောပိုင်းက ဒါဟာ အရှှေ့မျှော် ပေါ်လစီ(Look East Policy) ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ တက်လာပြီးနောက်မှာ အရှေ့မူဝါဒရေးရာဖော်ဆောင်မှု (Act East Policy) အဖြစ် ပြောင်းပစ်ခဲ့တယ်။ ဒီနောက်မှာ ကျွန်တော်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလေးမူခဲ့ပြီး ဆက်ဆံရေး ပိုတိုးတက်ကောင်းမွန်စေခဲ့တယ်။ ကျွန်တော်ဟာ အိန္ဒိယရဲ့ မြန်မာနိုင်ငံအတွက် အိမ်နီးချင်း ပြည်နယ်ကပါ။ ကိုယ့်ကိုကိုယ် နှစ်နိုင်ငံကြား တံတားခင်းပေးနိုင်သူ ဖြစ်ချင်မိပါတယ်။

မေး။ ။ ခင်ဗျားဟာ BJP ပါတီအတွက် မဏိပူရ်ပြည်နယ်ရဲ့ ပထမဆုံး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်တယ်လို့ ကျွန်တော် သိရပါတယ်။ ယုံကြည်ရတဲ့ စစ်တမ်းကောက်ယူမှုကို ကျွန်တော် ဖတ်ရှုရချိန်မှာလည်း အိန္ဒိယတစ်နိုင်ငံလုံးမှာ ခင်ဗျားဟာ တတိယမြောက် အကောင်းဆုံး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်နေတယ်။ ဘယ်လို စွမ်းဆောင်ချက်တွေကြောင့် ခုလို သတ်မှတ်ခံရတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အမှန်တကယ်တော့ ကျွန်တော်ဟာ တကယ့်လူသစ်တန်းကပါ။ ဒီလို ရာထူးတာဝန်မျိုးအတွက် ကျွန်တော့မှာ အတွေ့အကြုံ၊ ဗဟုသုတ ရှိနေခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်နယ်တွင်းက လူ့အသိုင်းအဝိုင်းတွေကြား ဆက်ဆံရေးထွန်းကားဖို့က ကျွန်တော် ဦးထိပ်ပန်တဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဦးစားပေးက နိုင်ငံရေးတွေ ဘာမှ ကျွန်တော် မသိပေမယ့်လည်း ပြည််သူကို အလုပ်အကျွေး ပြုလိုတာ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ အရင်းခံတာဝန်ဟာ ပြည်သူ့ဝန်ကို ထမ်းဖို့ပါ။ ပြည်သူတွေကို ပြောပါတယ်။ အစိုးရဆိုတာ ရှိတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့အစိုးရပါလို့ ပြောပါတယ်။ ဒီနောက်တော့ ကျွန်တော် စပြီး အလုပ်လုပ်တော့တယ်။ ဆန်းသစ်တဲ့ အမြင်သစ်အတွေးသစ် နှစ်မျိုး၊ သုံးမျိုးနဲ့ ကျွန်တော် စတင်တယ်။ ကျွန်တော် ဝန်ကြီးချုပ် တာဝန် ယူပြီးချင်းမှာ ချက်ချင်းဆိုသလိုပဲ ကျွန်တော် တောင်ကုန်းဒေသတွေဆီ သွားခဲ့တယ်။ မဏိပူရ်ပြည်နယ်ဟာ ပထဝီအနေအထားအရ အပိုင်းကြီး နှစ်ပိုင်း ရှိနေတယ်။ တစ်ခုက တောင်ကြားဒေသဖြစ်တယ်။ ဒီတောင်ကြားဒေသဟာ တော်တော်လေး သေးငယ်တဲ့ နယ်မြေဒေသပါ။ ပြည်နယ်ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမယ့် လူဦးရေကတော့ ပြည်နယ်လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဒီတောင်ကြားဒေသမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကုန်းဒေသကတော့ အလွန်ကျယ်ပြောပါတယ်။ ဒါပေမယ့် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းပဲ ရှိနေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု မညီမျှမှုကြောင့် ခုလို ကွာဟချက် ကြီးမားသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်် ကျွန်တော်ဟာ မဏိပူရ်ပြည်နယ်မှာ တပြေးညီ ဖွံ့ဖြိုးမှု ရှိရေးအတွက် အစိုးရကို အဆိုပြုချက် တစ်ရပ် တင်ပြခဲ့ပါတယ်။ မြေပြင်နှာသွင်ပြင် ဖွဲ့စည်းမှုဆိုင်ရာ အဆိုပြုချက်ပါ။ လူနေထူထပ်တဲ့ တောင်ကြားဒေသက ပြည်သူတွေကို ချိတ်ဆက်နိုင်ဖို့ လိုအပ်လို့ပါ။ တစ်ရွာကနေ တစ်ရွာချိတ်ဆက်မှုပေါ့။ ဆယ်ကုဋေလောက်ပဲ ကုန်ကျတဲ့ တံတားတစ်စင်း ဒါမှမဟုတ် လမ်းတစ်လမ်း ခင်းပြီး တောင်ကြားနေ ပြည်သူတွေကြား ကျွန်တော်တို့ ချိတ်ဆက်ပေးနိုင်တယ်။ ဒါပေမယ့် တောင်ကုန်းဒေသတွေကတော့ တစ်ရွာနဲ့ တစ်ရွာ အရမ်းအလှမ်းဝေးတယ်။ ဒီ မြေမျက်နှာပြင် အနေအထားကြောင့် ကုဋေ ၅၂၀ လောက် ကုန်ကျမှာ ဖြစ်တယ်။ ဒါကြောင့်ပဲ တောင်ကုန်းဒေသတွေဟာ အမှန်တကယ် မဖွံ့ဖြိုးဘဲ ဖြစ်နေတာ ဖြစ်တယ်။ ဒီ ကိစ္စကို စပြီး ကျွန်တော် ကိုင်တွယ်ဖြေရှင်းရတော့တာပါ။

ကံကောင်းတာကတော့ ဗဟိုအစိုးရက ကျွန်တော်ရဲ့ အဆိုပြုချက်ကို လက်ခံလိုက်တယ်။ အထူးရန်ပုံငွေတစ်ရပ် ထူထောင်ပေးတယ်။ တစ်နိုင်ငံလုံးအတွက် တောင်ကုန်းဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ ဆိုတာပေါ့။ တောင်ကုန်းဒေသနေ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်မှု ရအောင် ကျွန်တော် လူကိုယ်တိုင် ကွင်းဆင်းတာတွေ စတင်လုပ်ကိုင်ပါတယ်။ ကက်ဘိနက်အစည်းအဝေးတွေကိုလည်း တောင်ကုန်းဒေသတွေမှာ ကျင်းပတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သူတို့နဲ့ စပြီး လုပ်ဆောင်တော့တာ ဖြစ်ပါတယ်။ လူလူချင်း ချိတ်ဆက်မှုကနေ စတာပေါ့။ ဒါကတော့ နံပါတ်တစ် အချက်ပါ။

နံပါတ်နှစ်အချက်ကတော့ လစဉ်လတိုင်းမှာ ကျွန်တော် ဒေသခံပြည်သူတွေနဲ့ တွေ့တယ်။ လတစ်လရဲ့ ၁၀ ရက် နေ့တိုင်းပေါ့။ အဲဒီနေ့ကို တောင်ကုန်းဒေသခေါင်းဆောင်များနေ့ ဖြစ်လာလိမ့်မယ်ဆိုပြီး ကျွန်တော် ကြေညာမောင်းခတ်ထားတယ်။ တောင်ကုန်းဒေသတွေက လူမှုအဖွဲ့အစည်းတွေ၊ ခေါင်းဆောင်အကြီးအကဲတွေ ဘယ်သူတွေပဲလာလာ၊ ကျွန်တော့ရဲ့ ဘန်ဂလိုမှာ လာရောက်တွေ့ဆုံနိုင်တယ်။ ပြီးတော့ လတိုင်းရဲ့ ၁၅ ရက်နေ့ ကို ပြည်သူ့နေ့လို့ ကျွန်တော် ကြေညာထားတယ်။ ပြည်နယ်ထဲက ဘယ်သူပဲ ဖြစ်ဖြစ် ဒီ ၁၅ ရက်နေ့မှာ ကျွန်တော်ဆီ လာရောက်ချည်းကပ် တွေ့ဆုံနိုင်တယ်။ နံနက်ကနေ ညနေအထိ လာရောက်တွေ့ဆုံနိုင်တယ်။ လတိုင်းမှာ ကျွန်တော် အဲဒီလို ဆောင်ရွက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

 

ပြီးတော့ နောက်ထပ် အိုင်ဒီယာတစ်ခုလည်း ရှိသေးတယ်။ အစိုးရရဲ့ အစီအစဉ်တွေ၊ ဖွ့ံဖြိုးမှုလုပ်ငန်းတွေကို ရရှိမနေကြတဲ့ ပြည်သူတွေအတွက်ပေါ့။ ဒီလိုဖြစ်တာကတော့ တော်တော် ဆိုးဝါးတာပါ။ အစိုးရ လုပ်ငန်းစဉ်တွေဟာ အောက်ခြေအထိ မရောက်ရှိတာပေါ့ဗျာ။ ဒီအတွက် အစိုးရကိုယ်တိုင် ကျေးရွာတွေအထိ ဆင်းကြည့်သင့်တယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်တဲ့အတိုင်းပဲ ကျွန်တော် ကျေးရွာတွေဆီ စတင်ဆင်းကြည့်လို့လည်း နေပါတယ်။

မေး။ ။ ဘတ်ဂျက်ကလွဲလို့ ပြည်နယ်တိုးတက်ရေးစီမံကိန်းတွေကို အကောင်အထည် ဖော်ဆောင်ရာမှှာ ခင်ဗျားအတွက် အခြား စိန်ခေါ်မှုတွေက ဘာတွေပါလဲ။

ဖြေ။ ။ ခင်ဗျား သိလား။ လတိုင်းရဲ့ အင်္ဂါနေ့တိုင်း ကျွန်တော် ကျေးရွာတွေဆီ ဆင်းကြည့်ပြီးနောက်မှာ အစိုးရတာဝန်ရှိသူတွေအားလုံး ကျေးရွာတွေဆီ ဆင်းကြည့်သင့်တယ်။ ဒီကြရင် တွေ့ပါလိမ့်မယ်ဗျာ။ ကျန်းမာရေးအစီအစဉ်တွေရဲ့ လိုအပ်ချက်တွေကို သိမြင်လာလိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရတာဖြစ်ဖြစ် ဒါမှမဟုတ်လည်း တစ်ခုခုပေါ့။ အစိုးရ ထောက်ပံ့ကြေး မခံစားနိုင်တာကို ကြုံတွေ့နေရတဲ့ ပြည်သူတွေကို တွေ့ရှိသိမြင်လိမ့်မယ်။ ခုချိန်မှာတော့ လိုအပ်တဲ့ ပြည်သူတွေဆီ နှစ်သိန်းစီ အကျိုးခံစားခွင့်် ထောက်ပံ့ပေးနိုင်ပြီ ဖြစ်ပါတယ်။

အခု ခင်ဗျား မေးလိုက်မေးခွန်းကို ဖြေပါ့မယ်။ ဘတ်ဂျက် ညီတူမျှတူဆိုတာဟာ လုံလောက်တဲ့ အကြောင််းရင််း မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘတ်ဂျက်ဟာ ပြည်နယ်ရဲ့ အရင်းအမြစ်ပေါ်မှာ အဓိက မှီတည်နေတာ ဖြစ်တယ်။ ပြည်နယ်ငယ် တစ်ပြည်နယ်အတွက်တော့ ကျွန်တော်တို့မှာ လုံလောက်တဲ့ ဝင်ငွေဘဏ္ဍာ ရှိမနေဘူးလေ။ ပြည်နယ််တွေကို ထောက်ပံ့ပေးနေတဲ့ ဗဟိုအစိုးရရဲ့ အစီအစဉ်တွေ ရှိနေပါတယ်။ အိမ်ခြံမြေခွဲတမ်း၊ ဓာတ်အားလိုင်းသွယ်မှုတွေလိုမျိုးပေါ့။ ဒီဗဟိုရဲ့ အစီအစဉ်တွေကလည်း ကျေးရွာဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။

မေး။ ။ မြန်မာနိုင်ငံဟာ အိန္ဒိယ လုပ်ကိုင်ဆောင်ရွက်နေတာတွေဆီကနေ အတုယူ သင်ယူနိုင်ဖွယ်ရာ ရှိပါတယ်။ မဏိပူရ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသအကြောင်း ကျွန်တော့ကို ပြောခွင့်ပြုပါ။ ဒီနယ်စပ်ဟာ အိန္ဒိယရဲ့ Act East Policy အတွက် အလွန်အရေးပါတယ်လို့ ကျွန်တော်တော့ ထင်မြင်မိပါတယ်။ ဒီသမိုင်းဝင် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ခြင်းဟာ နယူးဒေလီက ဗဟိုအစိုးရနဲ့အတူ ခင်ဗျားတို့ကလည်း အရေးပါပါတယ်။ ခုဆိုရင် ကျွန်တော်တို့ဟာ တာမူတိုမိုရီ၊ အင်ဖာလန်းနယူးဒေလီနဲ့ ဘန်ကောက်တို့ကို ခရီးသွားနိုင်ပါပြီ။ ဒီလိုပါပဲ အိန္ဒိယတွေ၊ မဏိပူတွေဟာလည်း ရန်ကုန်ကို လာနိုင်ကြပါပြီ။ ကျွန်တော် လာတုန်းကလည်း ဒီလမ်းပိုင်းကပဲ လာခဲ့တာ ဖြစ်ပါတယ်။

သိပ်ကို ကောင်းပါတယ်။ ဒီတစ်နေ့တည်းမှာပဲ ကျွန်တော်တို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်တော် မေးလိုတာကတော့ ဒီနယ်စပ်ဂိတ် ဖွင့်လှစ်ခြင်းဟာ လာမယ့် သုံးလေးနှစ်အတွင်းမှာ စစ်ကိုင်းနဲ့ မဏိပူရ်က ပြည်သူတွေကို ဘယ်လို အကျိုးရှိစေမလဲလို့ ခင်ဗျား မြင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်ရဲ့ ဆရာဝန်တစ်ယောက်က ပြောတယ်။ နာတာရှည်ရောဂါတွေ၊ မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ကင်ဆာအမျိုးမျိုး ဖြစ်ပွားနေကြတဲ့သူတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော်ကို ပြောပါတယ်။ ဒီတော့ ကျွန်တော် ဘာစီစဉ်လဲဆိုတော့ ပြည်နယ်နဲ့ ဒေလီရယ်မှာ ရှိတဲ့ ကျွန်တော့်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပါတယ်။ ကျန်းမာရေး ကုသစောင့်ရှောက်မှုအတွက် မိုရီမှာ ကျန်းမာရေးစင်တာကြီးတစ်ခု ရှိဖို့ စီစဉ်ပါတယ်။ ဘာကြောင့််လည်းဆိုတော့ ကျန်းမာရေးဟာ လာဘ်ကြီးတစ်ပါး ဖြစ်လို့ပါပဲ။ ဒီကျန်းမာရေးစောင့်ရှောက်မှုကို စစ်ကိုင်းက ပြည်သူတွေဆီထိ ရောက်အောင် ကျွန်တော် ချဲ့ထွင်သွားလိုပါတယ်။ ဒါကလည်း သိပ်မကြာခင် ဖြစ်လာမှာပါ။ ရင်းနှီးမြုပ်နှံသူတစ်ချို့နဲ့ ကျွန်တော် တက်တက်ကြွကြွ စဉ်းစားသုံးသပ်လျက် ရှိနေပါတယ်။ ဒုတိယကတော့  စီးပွားရေးပေါ့။ ဒါကိုတော့ ကျွန်တော်တို့ မစရသေးပါဘူး။ ကျွန်တော်တို့ ကံတော်တော် ကောင်းတာကတော့ ဝန်ကြီးချုပ် မိုဒီ လာရောက်ပြီးနောက်မှာ ကျွန်တော်ဟာ အလွတ်သဘော တွေ့ဆုံခဲ့ရပါတယ်။ မြန်မာကပဲ ဖြစ်ဖြစ်၊ ဘယ်ကပဲ ဖြစ်ဖြစ် လာရောက်ကြတဲ့ နိုင််ငံသားတွေကို အနှောင့်အယှက် ဖြစ်အောင် မလုပ််သင့်ဖူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဗီဇာတွေ၊ စာရွက်စာတမ်းတွေ ထုတ်ပေးနိုင်ရပါမယ်။ ဧည့်ဝတ်ပျူငှာမှုနဲ့အတူ ကြိုဆိုဆက်ဆံသွားရပါမယ်။ အိန္ဒိယအနေနဲ့၊ မဏိပူရအနေနဲ့ လာရောက်လည်ပတ်သူတွေကို ဧည့်ဝတ်ကျေစွာ၊ ယဉ်ကျေးစွာနဲ့ ချစ်ခင်စွာ ကြိုဆိုသွားရပါတယ်။ ဒါကတော့ အယူအဆသဘောထားပေါ့။

ပြီးတော့ ခင်ဗျားမေးခွန်းကို ဖြေရမယ်ဆိုရင် ကျွန်တော်တို့ဟာ ကွာခြားချက်တွေကို အသိပေးဝေမျှဖို့ လိုပါမယ်။ စစ်ကိုင်းတိုင်းဒေသကြီးက ဘာလိုအပ်လည်းဆိုတာ ကျွန်တော် နားလည်ထားရမှာ ဖြစ်ပါတယ်။ ဒီလို တစ်ခုခု သိရှိနားလည်ရင် စစ်ကိုင်းဒေသအတွက် ကျွန်တော် ကူညီနိုင်လာမယ်။ ဒီနောက်မှာ ကျွန်တော် ဗဟိုဆီ အတိအကျ ချည်းကပ်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း ၃၆ ခုလောက် ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ပေါင်းစပ်သွားဖို့ ရှိပါတယ်။ ဒီလိုပါပဲ၊ ခင်ဗျား ဆေးဝါးလိုအပ်တယ်ဆိုရင်၊ ခင်ဗျား ပညာရေး လိုအပ်တယ်ဆိုရင်၊ ခင်ဗျား တစ်ခုခု လိုအပ်တယ်ဆိုရင် အပြန်အလှန်အကျိုးပြုက အလွန်ပဲ အရေးကြီးပါတယ်။ ကျွန်တော်ကတော့ ကူညီဖို့ အသင့်ပါပဲ။

မေး။ ။ ဗုဒ္ဓဘာသာ အများစုဖြစ်ကြတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒတွေက တစ်ခုဟာ ဗုဒ္ဓဂါယာဆီ သွားရောက် ဖူးမျှော်ချင်ကြတာပါပဲ။ အရင်ကဆို ရန်ကုန်ကနေ ကိုလ်ကတ္တားကို လေယာဉ်စီးပြီး ဗုဒ္ဓဂါယာဆီ လာရတာကြောင့် တော်တော်များများအတွက် စရိတ်စက ကြီးပါတယ်။ ခုတော့ နယ်စပ်ကို ဖွင့်လှစ်လိုက်ချိန်ကစပြီး ဗုဒ္ဓဂါယာဆီ နယ်စပ်ကို ဖြတ်ပြီး သွားရောက်ဖူးမျှော်နိုင်ကြပြီ ဖြစ်ပါတယ်။

ဖြေ။ ။ ဒါဟာ ကျွန်တော့် အိပ်မက်တွေထဲက တစ်ခုပါပဲ။ ကျွန်တော်ရဲ့ အိပ်မက်ဖြစ်သလို ကျွန်တော့် ဦးစားပေး လုပ်ငန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော် ရန်ကုန်ကို ရောက်တုန်းက တစ်ချို့ ဗုဒ္ဓဘာသာ လူကြီးတွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ကလည်း ဒီကို လာရောက်ကြပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကနေ လာရောက်သူတွေအတွက် ဗုဒ္ဓဘာသာဘုရားဖူးလမ်းကြောင်းကို ကျွန်တော် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ သူတို့တွေ ဒီမှာနေထိုင်တည်းခိုနိုင်အောင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့ လေဆိပ်ဟာလည်း နိုင်ငံတကာလေဆိပ်ဖြစ်ပါတယ်။ ဗဟိုအစိုးရထံလည်း မေတ္တာရပ်ခံထားတာ ရှိပါတယ်။ ဒါကတော့ မြန်မာရယ်၊ ထိုင်းနိုင်ငံကို တစ်ပတ်မှာ လေယာဉ်ခရီးစဉ် တစ်ကြိမ်ပြေးဆွဲပေးဖို့ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် လေယာဉ်ပြေးဆွဲပေးဖို့ မေတ္တာရပ်ခံထားတာပါ။ စစ်ကိုင်းက လူတွေ၊ ရန်ကုန်က၊ မြန်မာနိုင်ငံက ပြည်သူတွေ ဗုဒ္ဓဂါယာဆီ လာရောက်နိုင်ဖို့ပါ။ ခင်ဗျား အင်ဖာကို လာရောက်ခဲ့ရင် ခင်ဗျားအနေနဲ့ ဒီမှာ နေနိုင်မယ့် ဗုဒ္ဓဘာသာဘုရားဖူးဂေဟာကို တည်ဆောက်ဖို့ ကျွန်တော်အကြံပြုထားတာ ဖြစ်ပါတယ်။ အကောင်အထည်ပေါ်လာရင်တော့ ခင်ဗျား ဒီမှာ နေနိုင်မှာပါ။ ပြီးတော့ အိန္ဒိယလေကြောင်းလိုင်းတွေကိုလည်း ခင်ဗျားစီးနင်းနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တိုက်ရိုက်လေကြောင်းလိုင်း ရှိလာမှာကြောင့်ပါ။ ခင်ဗျားအနေနဲ့ ဒီကနေ ဗုဒ္ဓဂါယာဆီ တိုက်ရိုက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ခရီးစဉ် ချောမွေ့မှုမျိုးကို ခင်ဗျားတို့ဆီမှာလည်း ဖော်ဆောင်သင့်ပါတယ်။ ကျွန်တော်အနေနဲ့ တရားဝင်မေတ္တာရပ်ခံချင်ပါတယ်။ ဗဟိုအစိုးရဆီ တိုက်ရိုက်မေတ္တာရပ်ခံချင်ပါတယ်။ ဒါဟာ တော်တော်လေး အကူအညီ ဖြစ်စေမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။

မေး။ ။ ဒါဟာ ဗုဒ္ဓဂါယာကို လာရောက်ချင်ကြတဲ့ မြန်မာပြည်သူတွေအတွက်တော့ အလွန်ကောင်းတဲ့ သတင်းပါ။ ကုန်ကျစရိတ် သက်သာမှာကြောင့်ပါ။ Act East Policy အကြောင်းပြောရရင် အိန္ဒိယ အောင်မြင်မှုတွေ တော်တော်များများ ဖော်ဆောင်ထားနိုင်တယ်လို့ ကျွန်တော် နားလည်ရပါတယ်။ မြန်မာနိုင်ငံဟာလည်း အောင်မြင်ဖို့အတွက် အိန္ဒိယနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားလိုတဲ့ ဆန္ဒ ရှိနေပါတယ်။ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ လမ်းတံတားတွေကို အိန္ဒိယနဲ့ မဏိပူရအကူအညီနဲ့ မြန်မာဖက်မှာလည်း တည်ဆောက်ဖောက်လုပ်နေပါပြီ။ Act East Policy အောင်မြင်အောင်၊ ပြည်သူတွေအတွက် ပိုမိုအကျိုးရှိအောင် ကျွန်တော်တို့ဟာ ခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပိုမိုအားစိုက်ထုတ် လုပ်ဆောင်သွားနိုင်တယ်လို့ ခင်ဗျား ထင်ပါသလား။

ဖြေ။ ။ ကျွန်တော်တို့ ပိုမိုပြီး အားစိုက်ထုတ် လုပ်ကိုင်သင့်ပါတယ်။ ခုဟာက အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ပိုမိုလုပ်ကိုင်ဆောင်ရွက်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ခုထက်ထိတော့ ဒီစီမံကိန်းကို အစပြုထားပြီ ဖြစ်ပါတယ်။ လမ်းတွေပိုကျယ်ပြန့်လာပါတော့မယ်။ အစိုးရတာဝန်ရှိအဆင့်မှာ အိုင်ဒီယာတွေ၊ စီးပွားရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုတာတွေကို မူတော့ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့ အစပြုနိုင်ပြီလား မပြုနိုင်သေးဘူးလားဆိုတာ ကျွန်တော် မသိပါဘူး။ တစ်ချို့သဘောတူညီမှုတွေ၊ ဘတ်စ်ကားဝန်ဆောင်မှု ဖြစ်တဲ့ မန္တလေး-အင်ဖာ ကားလမ်းစတာတွေဟာ ခုထိ မဖွင့်လှစ်နိုင်သေးပါဘူး။ ဒါတွေဟာ အသုံးချနိုင်တဲ့အဆင့်ထိ ဖြစ်သင့်နေပါပြီ။ ဒါကြောင့် ကျွန်တော်က ဗဟိုအစိုးရကို ဖိအားပေးသွားမှာ ဖြစ်သလို ခင်ဗျားတို့ မြန်မာဖက်ကိုလည်း ဖိအားပေးသွားမှာပါ။ ဖိအားပေးတာတွေ၊ စည်းဝေးပွဲတွေ မကြာခဏ ကျင်းပတာတွေဟာ ကျွန်တော်တို့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

မေး။ ။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ဝန်ကြီး သုံးဦးနဲ့အတူ တက်ရောက်မယ့် ဆန််ဂိုင်းပွဲတော်ကို ကျွန်တော် သွားချင်မိပါတယ်။ ဒီပွဲတော်မှာ မဏိပူရ်အမျိုးသမီးဘောလုံးအသင်း၊ စစ်ကိုင် အမျိုးသမီး ဘောလုံးအသင်းနဲ့ ဒေလီအမျိုးသမီး ဘောလုံးအသင်းတွေ ချစ်ကြည်ရေးကန်ကြမယ့် ပွဲပါ။ တီဗီချန်နယ် တွေကနေ မြန်မာနိုင်ငံ ကျယ်ကျယ်ပြန့်ပြန့်် ထုတ်လွှင့်နေတဲ့ ဆန််ဂိုင်းပွဲတော်အကြောင်း ခင်ဗျား ပြောပြနိုင်မလား။

ဖြေ။ ။ ပြောနိုင်တာပေါ့ဗျာ။ မဏိပူရ်ကို မြန်မာဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ လာမယ်ဆိုတာဟာ ကျွန်တော် အံ့သြဝမ်းသာရတာ ဖြစ်ပါတယ်။ လှိုက်လှိုက်လှဲလှဲလည်း ကြိုဆိုပါတယ်။ ပြီးတော့ ခင်ဗျားသိလား ဒါဟာ Act East Policy ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တာကြောင့် ကျွန်တော် အရမ်းကျေနပ်ရတယ်ဆိုတာကိုပါ။ ဒီလို ဖြစ်စဉ်မျိုးဟာ ဆက်ဆံရေးကို အလိုလို ပိုမိုကောင်းမွန်စေမှာလည်း ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ဖက်က အဖွဲ့လိုက်လာကြတာကို ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။

မေး။ ။ နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပမယ့် ဆန်ဂိုင်းပွဲတော်ကို နိုင်ငံ ဘယ်နှစ်နိုင်ငံ လာရောက်မယ်ဆိုတာရယ် တက်ရောက်သူ ဘယ်လောက် ရှိမလဲလို့ ခင်ဗျား မျှော်မှန်းထားပါသလဲ။

ဖြေ။ ။ ဒီပွဲတော်ဟာ တကယ့်ပွဲတော်ကြီးပါ။ ပြည်နယ်အတွက် သုံးနေရာမှာ ကျွန်တော်တို့ ကျင်းပနေပါတယ်။ တစ်ခုကတော့ ဆန်ဂိုင်းမွေးဖွားရာအရပ်၊ ပြည်နယ်မြို့တော် အင်ဖာနဲ့ နာဂလန်းနဲ့ နယ်စပ်ဧရိယာတွေမှာပါ။ ဆယ်နိုင်ငံထက် မနည်း လာရောက်ကြမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ထို်င်းမင်းသမီးလည်း လာပါတယ်။ အမေရိကန် သံအမတ်ကြီးလည်းလာပါတယ်။ တော်တော်များများလာကြပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

မေး။ ။ ဆန်ဂိုင်းဆိုတဲ့ အဓိပ္ပာယ်က ဘာပါလဲ။ ဆန်ဂိုင်းရဲ့ အဓိပ္ပာယ်ကို မြန်မာပြည်သူတွေလည်း သိလိုကြပါ တယ်။

ဖြေ။ ။ ဆန်ဂိုင်းဆိုတာ သမင်တစ်မျိုးပါ။ ဆန်ဂိုင်းရဲ့ ထူးခြားဝိသေသကတော့ ရေမျောကျွန်းတွေမှာပဲ နေထိုင်ကြတာ ဖြစ်ပါတယ်။ သူတို့ နေထိုင်တဲ့ နယ်မြေဧရိယာကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ် ကြေညာထားပြီး ဖြစ်ပါတယ်။ ဒီသမင်မျိုးဟာ ရေမျောကျွန်းရယ်၊ ရေကန်တွေရယ်မှာပဲ နေထိုင်ကြတာ ဖြစ်ပါတယ်။ တောင်ကုန်းတွေမှာ မနေထိုင်ကြဘူး။ ဒီလို မျိုးစိတ်က တစ်မျိုးတည်းရှိတယ်။ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းရှိတဲ့ သမင်မျိုးပဲ။ ကမ္ဘာ့ဘယ်နေရာမှာမှ ခင်ဗျားတို့ တွေ့မှာ မဟုတ်ဘူး။ ဆန်ဂိုင်းကောင်ရေ အတွက် ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ ခုဆို ခန့်မှန်းကောင်ရေဟာ ၂၄၀ နဲ့ အထက်လောက်မှာပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မေး။ ။ လူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ ခင်ဗျားဟာ ဘောလုံးသမားဖြစ်ခဲ့တယ်။ ဂျာနယ်လစ်လည်း ဖြစ်ခဲ့တယ်။ ခုတော့ နိုင်ငံရေးလောကထဲမှာ၊ ပြီးတော့လည်း ခင်ဗျားဟာ အလွန်အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်။ ဘယ်လိုများ ဒီလို ဘဝတွေကို တည့်မတ်မောင်းနှင်နိုင်ခဲ့တာပါလဲ။

ဖြေ။ ။ ကျွန်တော်ဟာ အားကစားသမားအဖြစ်လည်း အကျိုးပေးကောင်းခဲ့ပါတယ်။ ဂျာနယ်လစ်အဖြစ်လည်း အကျုးပေးတယ်။ ခင်ဗျား အသိပါ၊ အားကစားဆိုတာ အဖွဲ့လိုက် အသင်းလိုက် လုပ်ဆောင်ရတာပါ။ ဒါကြောင့် ကျွန်တော် တစ်ယောက်တည်း ချွန်လုပ်လို့ မရဘူး။ တစ်ယောက်တည်းဆို ဘာမှ လုပ်လို့မရပါ။ အဖွဲ့လိုက် စုစည်းအားနဲ့မှ ကျွန်တော်တို့ ကောင်းစွာ လုပ်နိုင်တာပါ။ ဒါကို ကျွန်တော်က နိုင်ငံရေးမှာ အသုံးချတာ ဖြစ်ပါတယ်။ အုပ်စုစိတ်နဲ့ အလုပ်လုပ်ကိုင်တဲ့ အိုင်ဒီယာကို ကျွန်တော်ရလိုက်တာ ဖြစ်တယ်။ အားကစားမှာဆို ခင်ဗျား အမြဲတမ်း လျှိုနေလို့မရဘူး။ ကစားပွဲမှာ ခင်ဗျား လျှိုနေနိုင်ပေမယ့် ပွဲတွေအပြီးမှာတော့ ဆင်ခြေကန်ရတော့မယ်၊ တောင်းပန်ရတော့မယ်။ မေ့လျော့ခံရတော့မှ ဖြစ်တယ်။ ဒီသဘောတရားတွေက ကျွန်တော်မှာ ပါလာတော့တယ်။ ဂျာနယ်လစ်ဇင်ဆိုတာလည်း အမှန်တရားကို ကျွန်တော်တို့ ရှာဖွေခြင်း ဖြစ်တယ်။ ပြဿနာရင်းမြစ်ကို ဖော်ပြဖို့ ကြိုးပမ်းတာ ဖြစ်တယ်။ ရေးသားတင်ပြဖို့ ဦးတည်ချက်ထားရတာ ဖြစ်တယ်။ မကောင်းတာတွေ၊ ဆိုးဝါးတာတွေ အားလုံးကို နှိမ်နင်းဖို့ ကြိုးစားတာ ဖြစ်တယ်။ ဂျာနယ်လစ်ဇင်ရဲ့ အဓိကရှေးရှုရာဟာ လူဘောင်အဖွဲ့အစည်း ပိုမိုကောင်းမွန်ဖို့ ဖြစ်တယ်။ ကျွန်တော်တော့ ခြိမ်းခြောက်ခံရတာ တွေ ကြုံချင်ကြံမယ်၊ ဒါပေမယ့် ပြည်သူတွေအတွက် အကျိုးပြုနိုင်တယ်။ ဒါကြောင့် ဒီလုပ်ငန်းဟာ တကယ်ပဲ အရေးပါပါတယ်။

မေး။ ။ တကယ် စိတ်ဝင်စားစရာ အယူအဆပါပဲ ခင်ဗျာ။ ခင်ဗျားဟာ အားကစားစိတ်ဓာတ်ကို နိုင်ငံရေးမှာပါ အသုံးချတယ်။ ရိုးသားဖြောင့်မတ်တဲ့ အမှန်တရား တင်ပြမှုကိုလည်း နိုင်ငံရေးမှာ အသုံးချတယ်။ ဂျာနယ်လစ်ဇင်နဲ့ အားကစားကနေ ရလာတဲ့ စိတ်ဓာတ်အတွေ့အကြုံတွေကို နိုင်ငံရေးမှာပါ ချိန်ထိုးပြီး လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်တယ်။ တကယ်ပဲ စိတ်ဝင်စားစရာပါပဲ ခင်ဗျာ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒါက ကျွန်တော်အတွက် အလွန် အကျိုးရှိစေတယ်။

မေး။ ။ မြန်မာပြည်သူတွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ပြည်သူတွေကို သိစေချင်တာ၊ ပြောချင်တာများ ရှိပါသလား။

ဖြေ။ ။ အိမ်နီးချင်းပြည်နယ်၊ အိမ်နီးချင်းနိုင်ငံပေါ့။ ကျွန်တော်တို့ အိန္ဒိယမှာ ဆိုစကားတစ်ခု ရှိတယ်။ မကောင်းတဲ့ ဒရိုင်ဘာထက် အိမ်နီးချင်းကောင်းတစ်ဦးရှိတာဟာ ပိုကောင်းတယ်ဆိုတာပါ။ ဒီဆိုစကားဟာ ဒီခေတ် ဒီကာလအထိ မှန်တုန်းပါပဲ။ အိန္ဒိယနေပြီး မဏိပူရ်ဆီ ဒီမိုကရေစီအခြေခံသော စနစ် ရောက်ရှိလာတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီလှုပ်ရှားမှုတွေကို ကျွန်တော်တို့ ပံ့ပိုးပေးနေတယ်။ ဒါဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ လိုလားနေတာပဲ ဖြစ်တယ်။ မြန်မာပြည်သူတွေဟာ အမှန်တကယ်ပဲ မျိုးရိုးမြင့်မြတ်တယ်၊ ခင်မင်ဖော်ရွေကြတယ်။ ရန်ကုန်ကို ကျွန်တော် ရောက်ခဲ့တုန်းက ကျွန်တော် အမှန်ပဲ တော်တော်လေး ပျော်ရွှင်ကျေနပ်ခဲ့တယ်။ ရန်ကုန်က သံတမန်ရေးရာအရာရှိကြီးနဲ့ ကျွန်တော် တွေ့ခဲ့တယ်။ သူက ကျွန်တော်ကို ပြည်သူ့လုပ်ငန်းစဉ်တွေကို မိတ်ဆက်ရှင်းလင်းပြခဲ့တယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားကို ပြောထားသလိုပဲ ကျွန်တော်ဟာ အိန္ဒိယနဲ့ မြန်မာကြား ကွာဟချက်တွေကို ဖြည့်ဆည်းပေးချင်တဲ့ ပေါင်းကူးတံတားလို ဖြစ်ချင်မိတယ်ဆိုတာပါပဲ။ ဒုတိယအနေနဲ့ကတော့ စစ်ကိုင်းဟာ ကျွန်တော်တို့ရဲ့ အနီးဆုံး အိမ်နီးချင်းပါ။ စစ်ကိုင်းရဲ့ ပိုမိုတိုးတက်ကောင်းမွန်မှုဟာ မဏိပူရ်ရဲ့ ပိုမိုတိုးတက်ကောင်းမွန်မှုပဲ ဖြစ်ပါတယ်။

 

Mizzima Weekly