ရွှေ့ပြောင်းသူများက နယ်စပ်စည်းရိုး ချိုးဖောက်ကာ ဝင်ရောက်ရန် ကြိုးစားသောကြောင့် အမေရိကန်က နယ်စပ်ကို ပိတ်

ရွှေ့ပြောင်းသူများက နယ်စပ်စည်းရိုး ချိုးဖောက်ကာ ဝင်ရောက်ရန် ကြိုးစားသောကြောင့် အမေရိကန်က နယ်စပ်ကို ပိတ်
Photos: AFP

တီဂျူယာနာ၊ နိုဝင်ဘာ ၂၆ ။    ။ မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ တီဂျူယာနာမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ နယ်စည်းရိုးကို ဖြတ်ပြီး အမေရိကန်ထဲ ဝင်ရောက်ဖို့ ကြိုးစားတာကြောင့် တောင်ပိုင်းကယ်လီဖိုးနီးယားက နယ်စပ်ဖြတ်သန်းဂိတ်ကို ပိတ်ထားလိုက်ရကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီရွှေ့ပြောင်းသူလူအုပ်ကြီး ထိန်းမနိုုင်သိမ်းမရ ဖြစ်လာပြီး ထိခိုက်တာတွေ ရှိလာရင်တော့ နယ်စပ်ကို ပိတ်ပစ်မှာ ဖြစ်တယ်။”လို့ သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုပြီး သုံးရက်မြောက်မှာ ခုလို နယ်စပ်ကို ပိတ်လာရတာပဲ ဖြစ်ပါတယ်။

မက္ကဆီကိုနဲ့ အမေရိကန်နှစ်နိုင်ငံကြားက စည်းကားရာ နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ဆန်အက်ဆစ်ဒရိုဂိတ်ကို ယာယီပိတ်ထားပြီဖြစ်ကြောင်း ဆန်ဒီယာဂို နယ်စပ်တာဝန်ရှိသူတွေက တွစ်တာမှာ ရေးသားပါတယ်။

မက္ကဆီကိုဖက်မှာလည်း ပြည်ထဲရေးဝန်ကြီး အယ်ဖွန်ဆိုဟာ တစ်ချို့သော ရွှေ့ပြောင်းသူတွေဟာ တီဂျူယာနာမှာ အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ နယ်စပ်ကို ဖြတ်ဖို့ ကြိုးစားလာကြကြောင်း စွပ်စွဲပြောဆိုထားပါတယ်။

“ကျွန်တော်တို့အနေနဲ့ သူတို့ကို အရေးယူပြီး နိုင်ငံတွင်းက နှင်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။ ရွှေ့ပြောင်းသူတွေကို ကူညီတာတွေ မလုပ်ကြပါနဲ့။ သူတို့က ထိခိုက်အောင် လုပ်လာလိမ့်မယ်။”လို့ မီလန်နီယို ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

လက်တင်အမေရိကမှ အများဆုံးဖြစ်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာဟာ အမေရိကန်ထဲ ဝင်ရောက်ဖို့ မျှော်လင့်ချက်နဲ့ မက္ကဆီကို နယ်စပ်မြို့ တီဂျူယာနာမှာ စုရုံးရောက်ရှိနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly