ကမ္ဘာ့ချန်ပီယံရှစ် ရွှေတံဆိပ် (၆)ခုမြောက်ဖြင့် စံချိန်တင်အောင်မြင်မှုရရှိခဲ့တဲ့ အိန္ဒိယအမျိုးသမီးလက်ဝှေ့သမား မယ်ရီကွန်

ကမ္ဘာ့ချန်ပီယံရှစ် ရွှေတံဆိပ် (၆)ခုမြောက်ဖြင့် စံချိန်တင်အောင်မြင်မှုရရှိခဲ့တဲ့ အိန္ဒိယအမျိုးသမီးလက်ဝှေ့သမား မယ်ရီကွန်
Photos: EPA

နာမည်ကြီး အိန္ဒိယအမျိုးသမီးလက်ဝှေ့ အားကစားမယ် မယ်ရီကွန်ဟာ နိုဝင်ဘာ ၂၄ ရက်က နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် လက်ဝှေ့ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးရရှိပြီးနောက် ကမ္ဘာ့ချန်ပီယံရှစ်သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီးလက်ဝှေ့ကစားသမားဖြစ်လာတယ်လို့ သိရပါတယ်။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ၄၈ ကီလိုတန်း (လိုက် ဖလိုင်းဝိတ်တန်း) ဗိုလ်လုပွဲမှာ အသက် ၃၅ နှစ်အရွယ် မယ်ရီကွန်ဟာ ယူကရိန်းနိုင်ငံသူ ဟန်နာအိုခိုတာကို (၅-၀)မှတ်နဲ့ အနိုင်ရပြီး အိမ်ရှင်ပရိသတ်ရှေ့မှောက်မှာ အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူမရဲ့ ရွှေတံဆိပ်ဆု (၆)ခုမြောက် အောင်မြင်မှုဟာ အိုင်ယာနိုင်ငံသူ ကေတီတေလာရဲ့ ရွှေတံဆိပ် (၅)ခုစံချိန်ကို ကျော်ဖြတ်နိုင်တဲ့အပြင် အမျိုသားလက်ဝှေ့သမားများအနက် အအောင်မြင်ဆုံးစံချိန်တင်ထားတဲ့ ကျူးဘားဂန္ဓဝင်လက်ဝှေ့သမား ဖိလစ်ဆာဗွန်ရဲ့ ရွှေတံဆိပ်အရေအတွက်နဲ့လည်း တူညီသွားပြီဖြစ်ပါတယ်။

ကလေးသုံးဦးရဲ့ မိခင်ဖြစ်သူ မယ်ရီကွန်ဟာ အမျိုးသမီး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုတစ်ခုကို ၂၀၀၁ ခုနှစ်က ရရှိခဲ့ပါပြီးနောက်ပိုင်း ရွှေတံဆိပ်ဆု ၆ ခုထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခြားပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။  

“ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွေမှာ ၄၈ ကီလိုတန်းမှာ မထိုးတာကြာတာကြောင့် ကျမ ဒီနေ့ နည်းနည်း စိတ်လှုပ်ရှားခဲ့ပါတယ်။”လို့ ကွန်က ပြိုင်ပွဲအပြီးမှာ ပြောပါတယ်။

“ဒီဝိတန်းက ကျမအတွက် အရမ်းစိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ ရှင်တို့ရဲ့ ချစ်ခင်အားပေးမှုနဲ့ ထောက်ခံမှုတွေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်အတွက် လက်ရည်စစ် အောင်ဖို့ မျှော်မှန်းထားပါတယ်။ ရီယိုအိုလံပစ်ပြိုင်ပွဲအတွက်တော့ လက်ရည်စစ် မအောင်မြင်ခဲ့ပါဘူး။ ဒီအတွက် ကျမ ခံစားနေရတုန်းပါ။”လို့ သူမက အောင်ပွဲခံနေတဲ့ ပရိသတ်များဆီ ပြောဆိုခဲ့ပါတယ်။

ကွန်ဟာ ကြာသပတေးနေ့က မြောက်ကိုရီးယားသူ မီယောင်ကင်းကို (၅-၀)မှတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မယ်ရီကွန်ဟာ ၁၉၈၃ ခုနှစ်၊ မတ် ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ Kangathei ကျေးရွာမှာ မွေးဖွားခဲတာဖြစ်ပါတယ်။ သူမရဲ့ ဘဝဇာတ်ကြောင်းကို ၂၀၁၄ ခုနှစ်က ဘောလီးဝုဒ်မှ ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly