အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆာလ်မန် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်

အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆာလ်မန် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်
Photo: AFP

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌ ရှိတ်ဆာလ်မန် ဘင်အီဘရာဟင်အယ်လ်ကဟီလာဖီဟာ မြောက်ကိုရီးယားခရီစဉ်အဖြစ် နိုဝင်ဘာ ၂၃ ရက်က ပြုံယမ်းသို့ ရောက်ရှိခဲ့ပါတယ်။

ရှိတ်ဆာလ်မန်က မြောက်ကိုရီးယားလိုမျိုး နိုင်ငံတစ်နိုင်ငံကို ကျနော်တို့ ဘယ်လို ထောက်ပ့ံမှုမျိုး ပေးနိုင်မလဲ၊ ဘာတွေလိုအပ်နေတယ်ဆိုတာကို သိရှိဖို့ ရည်ရွယ်ပြီး လာရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီနိုင်ငံက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဘောလုံးကဏ္ဍမှာ အလွန်အောင်မြင်မှု ရှိခဲ့ပါတယ်။ အာရှရဲ့ ဘောလုံးလောက အနာဂတ်အတွက် ပူးပေါင်းဖို့နဲ့ ဘယ်လို ထောက်ပံ့ကူညီနိုင်မယ်လဲဆိုတာ သိရှိဖို့ လာရောက်တာဖြစ်တယ်။ ဒါတွေက ကျနော်တို့ တာဝန်လို့ ထင်ပါတယ်။”လို့ AFC ဥက္ကဋ္ဌ ရှိတ်ဆာလ်မန်က ပြောပါတယ်။

ရှိတ်ဆာလ်မန်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား ကာယယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာလမ်းညွှန်မှုကော်မရှင် ဥက္ကဋ္ဌ ချောင်ဟီ၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ယီရိုင်ယန်-နမ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဘောလုံးအသင်းရဲ့ တိုးတက်လာမှု၊ ဘောလုံးကို အဆင့်တန်းမြင့်မြင့် ကစားနေဖို့ အမြဲတွေ့ရဖို့ပဲဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ အမျိုးသမီးဘောလုံးအသင်းဟာ အောင်မြင်မှုအရှိဆုံးလို့ ကျနော် ထင်ပါတယ်။”လို့ ရှိတ်ဆာလ်မန်က ဆိုပါတယ်။

အဆိုပါ မြောက်ကိုရီးယား တာဝန်ရှိသူများနဲ့ တွေ့ဆုံမှုအတွင်း ရှိတ်ဆာလ်မန်က အဖွဲ့ချုပ်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များနဲ့ လာမယ့် ၂ နှစ်အတွင်း ပြိုင်ပွဲများ၊ လိုအပ်တဲ့ အသုံးပစ္စည်းများနဲ့ ကျွမ်းကျင်ဝန်ထမ်းများအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်တို့ကို အဓိက ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“အမျိုးသားဘောလုံးအသင်းနဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးတယ်လို့ ကျနော် ထင်တယ်။ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျနော်တို့ ဘယ်လို ထောက်ပံ့ပေးနိုင်မလဲဆိုတာ သိရှိဖို့ လာရောက်လည်ပတ်ချင်တာဖြစ်ပါတယ်။”လို့ သူက ပြောပါတယ်။

ရှိတ်ဆာလ်မန်ဟာ မြောက်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရုံးချုပ်နဲ့ ပြုံယမ်း နိုင်ငံတကာဘောလုံးကျောင်းဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။

ရှိတ်ဆာလ်မန်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် လာမယ့်နှစ် ရွေးကောက်ပွဲမှာ ၄ နှစ်သက်တမ်းသစ် ရာထူး ရယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly