Action & Drama ရသတွေ ခံစားရမယ်ဆိုတဲ့ “အဆိပ်ရှိ လူရိုင်း” ရုပ်ရှင် မကြာမီရုံတင်ပြသမည်

Action & Drama ရသတွေ ခံစားရမယ်ဆိုတဲ့ “အဆိပ်ရှိ လူရိုင်း” ရုပ်ရှင် မကြာမီရုံတင်ပြသမည်

ရန်ကုန်   နိုဝင်ဘာ   ၂၄ ။            ။ Golden Hour Entertainment က ထုတ်လုပ်လိုက်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကရိုက်ကူး ပုံဖော် ထားတဲ့ “အဆိပ်ရှိ လူရိုင်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းအထူးပြသပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ Juction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

“မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးတစ်ယောက်က မိသားစုရဲ့စည်းကိုကျော်သွားလို့ရှိရင် ဒီကလေးတွေမှာ စိတ်ဒဏ်ရာ ရတတ်တယ်ဆိုတဲ့ အကြောင်းအရာလေးပေါ့။ အဲဒီကလေး စိတ်ဒဏ်ရာရသွားရင် သူ့ဘဝတစ်ခုလုံး အခုလိုပျက်စီးသွားနိုင်တယ်။ ဒါက ၅၂၈ ပေါ့။ နောက်တစ်ခါ ၁၅၀၀ နဲ့ ပတ်သက်ပြီးတော့ အခုဆို ကျွန်တော်တို့ လူငယ်လေးတွေပေါ့။ အချစ်ကို အရမ်းကို ဦးစားပေးတတ်တယ်။ အဲဒါက လွန်ကဲသွားလို့ရှိရင် သူ့ရဲ့ဆိုးကျိုးက ဘဝပျက်သွားတဲ့အထိကို ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲဒီ ၂ ခုကို ကျွန်တော် မက်ဆေ့ပေးချင်လို့ ဒီဇာတ်လမ်း လေးကို တည်ဆောက်ဖြစ်တာပါ။" လို့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ပြောပါတယ်။

မိသားစုရေးရာနဲ့ နှလုံးသားရေးရာပြဿနာတွေကြောင့် စိတ်ဝေဒနာခံစားရပြီး လူသတ်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့တဲ့လူငယ်တစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ “အဆိပ်ရှိ လူရိုင်း” ရုပ်ရှင်ဇာတ်ကား ကြီးမှာ မတူညီတဲ့ Action & Drama ရသတွေ ခံစားရမှာဖြစ်တယ်လို့လည်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ဆိုပါတယ်။

" အမှတ်တရတွေကတော့ အများကြီးရှိပါတယ်။ ဖိုက်တင်ခန်းတွေဘာတွေဆိုရင်လည်း အစ်ကိုတို့ ၂ ယောက် တိုင်တိုင်ပင်ပင်နဲ့ လက်တွဲညီညီလုပ်ဖြစ်ပါတယ်။ အမြန်လမ်းပေါ်ကအခန်းတွေဆိုရင် နေကလည်းပူပေါ့။ တစ်နေကုန်ရိုက်ခဲ့ရတာပါ။" လို့ သရုပ်ဆောင် နိုင်းနိုင်းက ပြောပါတယ်။

ဒါ့အပြင် အရင်ကတည်းက လေးစားအားကျရတဲ့သရုပ်ဆောင်နိုင်းနိုင်းနဲ့ ဖိုက်တင်ခန်းတွေ တွဲဖက် သရုပ်ဆောင်ရတာ အမှတ်ရစရာတွေပါလို့လည်း သရုပ်ဆောင် ခါရာက ဆိုပါတယ်။

" ကိုနိုင်းနိုင်းက သူ့ရဲ့ထူးခြားချက်က အက်ရှင်မှာ တော်တော်လေးမိုက်တယ်ဗျ။ သူ့ရဲ့အက်ရှင်ခန်း တွေမှာ တွေ့ရမှာပါ။ တော်တော်လေး အထာကျတယ်။ ဘော်ဒီ ကိုယ်နေဟန်ထားပေါ့နော်။ ဖိုက်တဲ့ အချိန် ကိုယ်နေ ဟန်ထားတွေ တော်တော်သဘောကျတယ်။ ကျွန်တော်က အရင်ကတည်းက ကိုနိုင်းနိုင်းနဲ့ အရမ်းရိုက်ချင်တာ။ အခုလို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုစတီးလ်ကားထဲမှာ အတူတူ ဖိုက်တင်ခန်းတွေလည်းပါတယ်ဆိုတော့ ကျွန်တော်အားကျတဲ့မင်းသားတစ်ယောက်နဲ့ ဖိုက်တင်ခန်းတွေ ချခဲ့ရတာ အမှတ်တရပါပဲ။" လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။

ဒါရိုက်တာ စတီးလ်(ဒွေး မေတ္တာ) ရိုက်ကူးပုံဖော်ထားတဲ့ "အဆိပ်ရှိလူရိုင်း"ရုပ်ရှင်ဇာတ်ကားကြီးဟာ  Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက်တင်ဆက်မှုဖြစ်ပြီး သရုပ်ဆောင် နိုင်းနိုင်း ၊ ခါရာ ၊ ထွန်းကိိုကို ၊ ရွှေသမီး နှင့် အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကား ကို နိုဝင်ဘာလ ၃ဝရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly