စပါးအလွန်ကျွံစားသောက်ပြီး တောဆင်ရိုင်းတစ်ကောင် သေဆုံး

စပါးအလွန်ကျွံစားသောက်ပြီး တောဆင်ရိုင်းတစ်ကောင် သေဆုံး
ဓာတ်ပုံ- ပြန်ကြားရေး

ရန်ကုန်၊ နိုဝင်ဘာလ ၂၃ ။            ။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဒီပါလွင်ပြင်ကျေးရွာ၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း အကွက်အမှတ် ၂၉ဝ ရှိ စပါးခင်းအတွင်း ဝမ်းဗိုက်ရောင်ကာ သေဆုံးနေသည့် တောဆင်ရိုင်းတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

သေဆုံးနေရှိသည့် တောဆင်ရိုင်းမှာ အသက် ၁၃ နှစ်ခန့်ရှိပြီး အမြင့် ၆ ပေ၊ လုံးပတ် ၉ ပေခွဲ၊ နှာမောင်း အရှည် ၄ ပေ၊ အမြီးအရှည် ၂ ပေခွဲရှိ ဟိုင်းဆင်အထီး ၁ ကောင်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ နိုဝင် ဘာလ ၂၃ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆင်အား နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်၌ ကျောကုန်းတွင် အနက် ၄ လက်မခန့် မြှား ဒဏ်ရာ ၁ ချက်နှင့် ဝမ်းဗိုက်ရောင်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးရာ စပါးများအလွန် ကျွံစားသောက်ပြီး ရေသောက်သဖြင့် ဝမ်းဗိုက်ရောင်ရမ်းကာ သေဆုံးရခြင်းဖြစ်ကြောင်းနှင့် မီးရှို့ဖျက်ဆီး မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်း အမှတ်(၁)၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ၊ တောင်ကလေးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ တိရစ္ဆာန်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်းပါ ပူးပေါင်း အဖွဲ့တို့မှစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required