မလေးရှားနှင့်ပွဲ ရလဒ်ကောင်းရန် စိတ်တည်ငြိမ်မှုရှိကြဖို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြော

မလေးရှားနှင့်ပွဲ ရလဒ်ကောင်းရန် စိတ်တည်ငြိမ်မှုရှိကြဖို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြော

နိုဝင်ဘာ ၂၁ ။            ။ မလေးရှားနှင့်ပွဲ ရလဒ်ကောင်းရန်အတွက် စိတ်တည်ငြိမ်မှုရှိကြရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

"ပြီးခဲ့တဲ့ သုံးပွဲစလုံး ကစားထားပြီးတဲ့အချိန်မှာ စိတ်ဓာတ်ပိုင်းအရ အမြင့်ဆုံးအချိန်ဖြစ်နေပြီ။ မလေးရှားနဲ့ပွဲ ရလဒ်ကောင်းဖို့ အဓိကအရေးကြီးတာ အခုအချိန်ကစပြီး တည်ငြိမ်မှုရှိဖို့ပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိနေဖို့ လိုပါတယ်။ ပရိသတ်က အရမ်းလေးစားဖို့ ကောင်းတယ်။ ကိုယ့် ပရိသတ်နဲ့ ကိုယ့်တိုင်းပြည် အတွက် နည်းပြတွေလမ်းညွှန်မှုကို သေသေချာချာ လိုက်နာပြီး၊ ကိုယ်တိုင်လည်း အသင်းစိတ်ဓာတ်အပြည့်နဲ့ တည်တည်ငြိမ်ငြိမ်လေး ကြိုးစားကြမယ်၊ ပွဲချိန်အတွင်းမှာလည်း ခြောက်ခြားမှု မရှိဘဲ နောက်ဆုံးမိနစ်အထိ ကြိုးစားကစားမယ်ဆို တို့ လိုချင်တဲ့ရလဒ်က ရရှိလာမှာပဲ" ဟု MFF ဥက္က္တဋ္ဌက အသင်းအား မှာကြားခဲ့ကြောင်း MFF မှ ထုတ်ပြန်သည်။

မလေးရှားအသင်းနှင့် ယှဉ်ပြိုင်မည့် ဆူဇူကီးဖလား ပွဲစဉ်အတွက် သုဝဏ္ဏတွင် ယနေ့ နိုဝင်ဘာ လ ၂၁ ရက်၊ ည ၇ နာရီက ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်းထံ သို့ လာရောက်စဉ် ပြောခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ဗီယက်နမ်အသင်းကို အိမ်ကွင်းတွင် ဂိုးမရှိ သရေကျခဲ့ပြီး မြန်မာအသင်းသည် အမှတ်ခွဲ ယူခဲ့ရ သည်။

AFF Suzuki Cup 2018 အုပ်စု၊ နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့တွင် မလေးရှား အသင်းနှင့် ကွာလာလမ်ပူတွင် ယှဉ်ပြိုင်ရန် မြန်မာအသင်းသည် နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈ နာရီတွင် မလေးရှား နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly