တရုတ်ကို တရားဝင်ပို့သည့် နွားများကို ပွဲစျေးလက်မှတ် မပါဟုဆိုကာ တားဆီး

တရုတ်ကို တရားဝင်ပို့သည့် နွားများကို ပွဲစျေးလက်မှတ် မပါဟုဆိုကာ တားဆီး
တားဆီးခံထားရသည့် နွားတင်ကားများကို တွေ့ရစဉ် (သတင်းဓာတ်ပုံ၊ ကိုသောင်းခိုင် )

နိုဝင်ဘာ ၂၁။ ။ ပြည်ထောင်စုအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နေသည့် စစ်ကိုင်းတိုင်းမှ နွားများကို ပွဲစျေးလက်မှတ်မပါဟု ဆိုကာ နိုဝင်ဘာ ၂၀ ရက်နေ့ ညသန်းခေါင်ယံတွင် တားဆီးခဲ့သည်။

၎င်းတို့ကို ရွှေဘိုမြို့အဝင်တွင် ခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ တားဆီးခံခဲ့ရခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ရှိလာသည်ဟု နွားတင်ပို့နေသည့် ကုမ္ပဏီများထဲမှ အဖွဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုတိုးခိုင်မြင့်လွင်က မဇ္စျိမသို့ ပြောသည်။

" ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ် ခွင့်ပြုထားတဲ့ စာရွက်စာတမ်းအပြည့်ပါတယ်။ တရားဝင် အခွန်ဆောင်ပြီး ထွက်လာတာပါ။ အခုဆိုရင် နွားတွေကလည်း ကားပေါ်မှာ ဘာအစာမှမကျွေးရသေးဘူး။ အခုလိုဖြစ်တော့ သူတို့က သွားခွင့်ပြုရင်တောင် ဆက်သွားလို့ မရတော့ဘူး။ ခြံပဲ ပြန်ရမှာ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ တားဆီးခံရခြင်းကြောင့် နွားများကို နောက်ထပ် ရက်သီတင်းပတ် တစ်ခုခန့် အစာပြန်လည် ကျွေးမွေးရန် လိုအပ်လာသည့်အပြင် ကျန်းမာရေး စစ်ဆေးမှုများကိုပါ ဆောင်ရွက်ရတော့ဖြစ်သည်။

“တရားဝင် မှန်မှန်ကန်ကန်လုပ်နေတော့လည်း အတားခံရတယ်။ မမှန်မကန်ဆို ဖမ်းပါ။ လက်ခံပါတယ်။" ဟု ကိုတိုးခိုင်မြင့်လွင်က ပြောသည်။

တရားဝင် ကုမ္ပဏီ ၃ ခု၏ နွားအကောင် ၃၀၀ ကို ကား ၁၅စီးဖြင့် သယ်ဆောင်လာစဉ် နိုဝင်ဘာ၂၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန် ရွှေဘိုမြို့အဝင်တွင် တားဆီးခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါတွင် တားဆီးခံထားရသည့် နွားများကို ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ထားရှိပြီး နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။ သို့ရာတွင် နေ့လည် ၃ နာရီကျော်လာသည်အထိ ပြေလည်မှု မရရှိသေးဟု ကိုတိုးခိုင်မြင့်လွင်က ဆိုသည်။

ညှိနှိုင်းမှုကို ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာရေးအဖွဲ့၊ တရားရေးအဖွဲ့များနှင့် နွားပွဲစျေးတာဝန်ရှိသူများ၊ တရားဝင် နွားတင်ပို့နေသည့် ကုမ္ပဏီကိုယ်စားလှယ်များဖြင့် ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

ရဲထက်စိုး ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ခိုင်ဝင်းက "တရားဝင် ကုမ္ပဏီပေါ်တွေပဲ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က စည်းကမ်းတင်းကြပ်နေတယ်။ တရားမဝင် လုပ်ကိုင်နေတဲ့သူတွေကိုတော့ မထိမ်းသိမ်းနိုင်ဘူး။ ကျွန်တော်တို့က တရားဝင် အခွန်တွေ ပေးဆောင်ပြီး လုပ်ကိုင်နေတာပါ။” ဟု ဆိုသည်။

ယခင်က နွားများကို တောင်သူများထံမှ ဝယ်ယူခဲ့ရပြီး ယခုချိန်တွင် ပွဲစျေးမှ ဝယ်ယူမည်ဆိုပါကလည်း နွားများ အသင့်ရှိမနေသောကြောင့် ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူစုဆောင်းထားရသည်ဟု နွားတင်ပို့သည့် အခြား ကုမ္ပဏီတစ်ခု ဖြစ်သော ရဲသူဟိန်း ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းခိုင်က ပြောသည်။

“ကျွန်တော်တို့ဘာသာ ဝယ်စုထားတဲ့ နွားကျတော့လည်း သူတို့ကို အခွန်ဆောင်ရမယ်ဆိုတော့ ဘယ်လို လုပ်စားရမှာလဲ။"ဟု ၎င်းက ဆိုသည်။

ယခုလို တရားဝင် တင်ပို့မှုများအား ဆက်လက် တားဆီးမှု ပြုလုပ်နေမည်ဆိုပါက စစ်ကိုင်းတိုင်းအတွင်းရှိ နွားတင်ပို့နေသည့် ကုမ္ပဏီ ၂၀၀ ခန့်မှာ လုပ်ငန်း ရပ်နားရမည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟုလည်း လုပ်ငန်းရှင်တစ်ချို့က မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကုမ္ပဏီများအနေဖြင့် ပြည်ပသို့ တင်ပို့ရန် ကျွဲ၊ နွားများ ဝယ်ယူမည်ဆိုပါက ပွဲစျေးများတွင် အရောင်းအဝယ်ခွန်ပေးဆောင်ပြီးသော ပြေစာနှင့် အရောင်းအဝယ် စာချုပ်ဖြင့် ဝယ်ယူရန် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသော ထို ညွှန်ကြားမှုတွင် ခရိုင်အတွင်း ကျွဲ၊ နွားများ ဝယ်ယူ သယ်ဆောင်မည်ဆိုပါက ခရိုင်အုပ်ချုပ်ရေးမှူးမှ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် အချက်များလည်းပါဝင်နေသည်။

သို့သော် ကုမ္ပဏီများကမူ တိုင်းအစိုးရအဖွဲ့မှ သတ်မှတ်သော အခွန်များကို ပေးဆောင်နိုင်သော်လည်း နွားပွဲစျေးများက သတ်မှတ်သော အခွန်ကို ပေးဆောင်ရန်ကိုမူ လိုက်နာနိုင်မည်မဟုတ်ဟု ဆိုကြသည်။

ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကမူ ယခု တားဆီးခံရမှုတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နွားပွဲစျေးအခွန်များ မပေးဆောင်ပါက ဥပဒေအရ အရေးယူရန် စီစဉ်နေသည်။

ကျွဲ၊ နွားများ ပြည်ပသို့ တရားဝင်တင်ပို့မှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ပြည်ထောင်စုမှ တရားဝင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly