ချင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုမှမရှိသေးဟု DICA တာဝန်ရှိသူပြော

ချင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုမှမရှိသေးဟု DICA တာဝန်ရှိသူပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။           ။ ချင်းပြည်နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုဥပဒေအရ လာရောက်လျှောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုမှ မရှိသေးဟု ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောဆိုလိုက်သည်။

ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ လေ့လာမှု အစီရင်ခံစာ တစ်ခုကို “အေးချမ်းမြန်မာ အင်စတီကျူ့” အဖွဲ့က ထုတ်ပြန်ခဲ့ရာ ၎င်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ချင်းပြည်နယ်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားတဲ့ လုပ်ငန်းတစ်ခု ရှိပါတယ်။ ဟိုတယ်လုပ်ငန်း တစ်ခုပေါ့နော်။ အဲဒါပဲ ရှိပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတော့ လောလောဆယ်မရှိသေးဘူး။ တခြားကလည်း မရှိသေးဘူး ရင်းနှီးမြှုပ်နှံမှု ဥပဒေအရပေါ့။ ခွင့်ပြုထားတာ တစ်ခုပဲရှိသေးတယ်။ တခြား လုပ်ငန်းတွေကတော့ သူဟာသူ လုပ်နေတာတော့ရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆီ လျှောက်ထားတာတော့ မရှိသေးဘူး ။” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လေ့လာထားသော အစီရင်ခံစာ ထုတ်ပြန်ပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒန်း ဟိုတယ်တွင် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

အဆိုပါ အစီရင်ခံစာအရ ချင်းပြည်နယ်၏ အလုပ်လက်မဲ့ နှုန်းမှာ အလုပ်လုပ်နိုင်သည့် လူဦးရေ၏ ၅.၄ ရာခိုင်နှုန်းဖြစ်နေပြီး ပြည်ထောင်စု တစ်ခုလုံး၏ ပျမ်းမျှ အလုပ်လက်မဲ့ နှုန်းမှာ ၄.၀ ရာခိုင်နှုန်း ရှိနေသည်ဟု ဖော်ပြပါရှိသည်။

“ အဓိကတော့ ရင်းနှီးမြှပ်နှံမှုမရှိသေးတဲ့ ဒေသဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုလည်း နိမ့်ကျနေတဲ့ ဒေသဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုခု ကျွန်တော်တို့ ဝင်လာစေချင်ပါတယ်။ သို့သော် အဆင်သင့်မဖြစ်နေတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ အဲ့လိုအနေအထားတွေမှာ လုပ်ငန်းရှင်တွေအနေနဲ့ရော အစိုးရအနေနဲ့ရော သိသင့်သိထိုက်တာလေးတွေကို အဓိကထားပြီး တင်ပြချင်လို့ဖြစ်ပါတယ် “ ဟု အစီရင်ခံစာဖြစ်မြောက်ရေး သုတေသနပြုလုပ်ခဲ့သူ အန်ဒရူးထားသျှောင်က ပြောသည်။

ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ မလာရောက်သည့်အကြောင်းအရင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် စွန့်စားပြီးလုပ်ကိုင်ရမှာ ဖြစ်၍ဟု ချင်းပြည်နယ် DICA  ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။

သို့သော် ချင်းပြည်နယ်သည် သဘာဝအတိုင်း တည်ရှိနေသေးသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများအနေဖြင့် လာရောက်လုပ်ကိုင်သင့်သည့် နေရာလည်းဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဟိုတယ်လုပ်ငန်းများအတွက် ကိုယ်ပိုင်နာမည်ဖြင့် ဂရမ်ထုတ်ပေးရန်လည်း ပြည်နယ်အစိုးရမှ စီစဉ်နေပြီး ဝင်ငွေခွန်ကိုလည်း ၇ နှစ်အထိ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ  ချင်းပြည်နယ်တွင် လူဦးရေ ၅ သိန်းနီးပါးရှိပြီး အုပ်ချုပ်ရေး ယန္တရားအရ မြို့နယ် ၉ မြို့နယ်ဖြင့် ဖွဲ့စည်းထားသော ကုန်းတွင်းပိတ် ပြည်နယ်တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required