ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၃တွင် ပြီးစီးမည်ဟုဆို

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ၂၀၂၃တွင် ပြီးစီးမည်ဟုဆို
Photo-EPA

နေပြည်တော်(နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၈ခုနှစ်)။ ။ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းမှာ ၂၀၂၃ခုနှစ်တွင် လုပ်ငန်းတစ်ခုလုံး ပြီးစီးနိုင်မည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က ပြောသည်။

နိုဝင်ဘာ ၂ဝရက်က ပြုလုပ်သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အင်းစိန်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၏ ရန်ကုန်ဘူတာကြီးကို အခြေပြု၍ ပြေးဆွဲနေသော မြို့ပတ်ရထားလမ်းပြေးဆွဲမှုနှင့် လမ်းများ၊ ဘူတာရုံများကို မည်သည့်အဖွဲ့အစည်းနှင့်ပေါင်းစပ်၍   မည်သို့ အဆင့်မြှင့်တင်နေသည်ဆိုသည့် စီမံကိန်းများကို ပွင့်လင်းမြင်သာအောင် ရှင်းလင်းတင်ပြရန်နှင့် မည်သည့် ခုနှစ်တွင် ပြီးစီးအောင် အကောင်အထည်ဖော်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 "တည်ဆောက်ရေးလုပ်ငန်းတွေကို  ၂၀၁ရခုနှစ်မှာစတင်ဆောင်ရွက်ဖို့လျာထားခဲ့ပေမယ့် တင်ဒါစျေးနှုန်း ညှိုနှိုင်းမှုများဆောင်ရွက်ရခြင်းကြောင့် ၂၀၁၈ခုနှစ်မှ စတင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လုပ်ငန်းတစ်ခုလုံးကို ၂၀၂၃ခုနှစ်မှာ ပြီးစီးနိုင်မယ်လို့ခန့်မှန်းထားပါတယ်" ဟု ၎င်းက ပြောသည်။

 
ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် အဓိကလုပ်ငန်းကြီး (၃)ခုပါဝင်ပြီး အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ဒီဇယ်လျှပ်စစ် (DEMU) တွဲဆိုင်းအသစ် (၁၁)ဆိုင်း (၆၆) တွဲဝယ်ယူခြင်းလုပ်ငန်းများကို  ဂျပန် ODA ချေးငွေဖြင့်လည်းကောင်း၊ မြို့ပြအင်ဂျင်နီယာ ပိုင်းဆိုင်ရာလုပ်ငန်းများဖြစ်သော ရထားလမ်း၊တာဘောင်၊ ဘူတာများ၊ ပလက် ဖောင်း များ၊ရေမြောင်းများ၊ တံတားများ ၊ကားလမ်းကူးများ၊ လူကူးခုံးကျော်များ၊ ဆက်သွယ်ရေးအဆောက် အဦများပြုပြင်တည်ဆောက် ခြင်း လုပ်ငန်းများကို နိုင်ငံတော်ဘက်ဂျက်ဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

 အဆိုပါစီမံကိန်းတန်ဖိုးမှာ  ဂျပန်အစိုးရမှ ODA ချေးငွေဂျပန်ယန်း ၂၄ဒသမ၈၆၆ဘီလီယံနှင့် နိုင်ငံတော် ဘက်ဂျက်မှ အသုံးစရိတ် မြန်မာငွေကျပ် ၅၄ဒသမ ၅၁၄ဘီလီယံ ကုန်ကျမည်ဖြစ်သည်။

 “လက်ရှိ ရန်ကုန်မြို့ပတ်နဲ့ဆင်ခြေဖုံးတွင်ပြေးဆွဲအသုံးပြုနေတဲ့ စက်ခေါင်းအများစုက သက်တမ်းကျော်လွန် နေခြင်း၊ ဆွဲအားကျဆင်းနေခြင်း၊လုူစီးတွဲအများစုမှာလည်း သက်တမ်းကျော်လွန်နေခြင်း၊ ချို့ယွင်းနေခြင်း၊ အချက်ပြစနစ်တွေမှာလည်း နှစ်ကာလကြာရှည်ပြီဖြစ်လို့ပွန်းစားမှုကြောင့်မကြာခဏ ပြုပြင်နေရခြင်း၊လမ်းပိုင်း အချက်ပြကိရိယာများချို့ယွင်းနှောင့်နှေးနေခြင်း၊ဆင်ခြေဖုံးလမ်းပိုင်းများပြုပြင်မှုကွင်းဆက်အရ မြို့ပတ်ရထား များ အချိန်မှန်ကန်မှု ထိခိုက်နေတဲ့အတွက် အဆင့်မြှင့်တင်ဖို့မဖြစ်မနေလိုအပ်လာပါတယ်" ဟု ဦးကျော်မျိုးက ပြောသည်။

 ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ရန်ကုန်မြို့ပတ်တစ်လျှောက်လုံး၏ ဧရိယာအတွင်းရှိ ပြည်သူများနှင့်တွေ့ဆုံညှိနှိုှု်င်းမှု ၄ကြိမ်ပြုလုပ်ခဲ့ပြီး စီမံကိန်းအတွက်လိုအပ်သော EIA SIA လေ့လာဆန်းစစ်မှုများကိုမြန်မာ့မီးရထားနှင့် JICA မှတာဝန် ပေးအပ် ထားသော ကျွမ်းကျင်သူများနှင့်  E-Guards Environmental Service Co,Ltdတို့ ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။

စူးစမ်းစစ်ဆေးရရှိသော  EAI  Report ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြခဲ့ရာ ၂၇.၆.၂၀၁၈ ရက် က အတည်ပြုခဲ့ကာ စီမံကိန်းဆောင်ရွက်ရာတွင် ထိခိုက်နစ်နာစေနိုင်မည့်ကိစ္စရပ်များအတွက် ဂရုဏာ ကြေး ပေးအပ်ရန် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒုဝန်ကြီးကဆက်လက် ပြောကြားခဲ့သည်။

 လက်ရှိတွင် ရန်ကုန်ဘူတာကြီးကို အခြေပြု၍ ပြေးဆွဲနေသောမြို့ပတ်ရထားပြေးဆွဲမှု အခြေအနေမှာ ခရီးမိုင်အားဖြင့်(၂၉ဒသမ၅)မိုင် မီတာဂေ့ချ် သံလမ်းနှစ်လမ်းသွားဖြစ်ပြီး စုစုပေါင်းသံလမ်းမိုင် (၅၉)မိုင် အရှည် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပျှမ်းမျှ(၁)နာရီလျှင် မိုင်(၂၀)ဖြင့် မြို့တစ်ပတ်ရထားပြေးဆွဲချိန် (၂း၅၀)နာရီခန့်ကြာမြင့်ရာမှ (၁)နာရီလျှင် ပျှမ်းမျှ(၃၄)မိုင်နှုန်းဖြင့် မြို့တစ် ပတ် ရထားပြေးဆွဲချိန် (၁း၄၅) နာရီခန့်ဖြင့် တစ်ရက်လျှင် ပျှမ်းမျှခရီးသည်(၈၅၀၀၀)ခန့် သက်တောင့် သက်သာစွာ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်တွင် ဘူတာပေါင်း(၃၈)ဘူတာ၊တံတားအစင်းရေ(၄၅)စင်းနှင့် ကားလမ်း ကူးဂိတ ်(၂၆)ဂိတ်ရှိကာလက်ရှိ မြို့ပတ်ရထားပြေးဆွဲမှုမှာ ရထားကြီး(၁၅)ဆိုင်း၊ RBE (၁၀)ဆိုင်း၊ စုစုပေါင်း (၂၅)ဆိုင်းဖြင့်  နံနက် (၅)နာရီမှည(၁၁)နာရီအထိ တစ်နေ့အခေါက်ရေ (၂၂၁)ကြိမ်ပုံမှန်ပြေးဆွဲလျှက်ရှိပြီး ပျှမ်းမျှ (၁)နာရီလျှင် မိုင်(၂၀)နှုန်းဖြင့်  ရန်ကုန်မြို့တစ်ပတ်ကို ရထားပြေးဆွဲချိန် (၂း၅၀)နာရီကြာမြင့်ကာ တစ်နေ့ပျှမ်းမျှ ခရီးသည်ဦးရေ (၇၃၀၀၀) ခန့်စီးနင်းလိုက်ပါလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly