အေပက်အစည်းအဝေးမှာ လုံခြုံရေးယူပေးရတာကို ဘောနပ်ဆုကြေးမပေးတာကြောင့် ပါပူဝါနယူးဂီနီက ရဲနဲ့ စစ်သားတွေ ပါလီမန်ကို စီးနင်း

အေပက်အစည်းအဝေးမှာ လုံခြုံရေးယူပေးရတာကို ဘောနပ်ဆုကြေးမပေးတာကြောင့် ပါပူဝါနယူးဂီနီက ရဲနဲ့ စစ်သားတွေ ပါလီမန်ကို စီးနင်း

ပို့မော်ရီဘေး၊ နိုဝင်ဘာ ၂၀ ။          ။ ပါပူဝါနယူးဂီနီနို်င်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အေပက်ထိပ်သီးညီလာခံမှာ လုံခြုံရေးယူ တာဝန်ထမ်းဆောင်ပေးခဲ့တာကို အပိုဆုကြေးဘောနပ်မပေးတာကြောင့် ရဲတာဝန်ရှိသူတွေရယ်၊ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ စစ်သားတွေ ပါတဲ့ အုပ်စုတစ်စုဟာ မြို့တော် ပို့မော်ရီဘေးမှာရှိတဲ့ ပါလီမန်ကို အင်္ဂါနေ့မှာ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

နှစ်ရက်တာ အေပက်အစည်းအဝေးအပြီး ဒီစီးနင်းမှု ဖြစ်ပွားချိန်မှာ ပါလီမန်လွှတ်တော်အဆောက်အအုံအတွင်းမှာ အစိုးရဝန်ကြီးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အတိုက်အခံအမတ် တစ်ချို့တစ်လေ ရှိနေချိန်လည်း ဖြစ်ပါတယ်။

လွှတ်တော်တွင်းကို ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဝင်ရောက်စီးနင်းပြီး ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးကြကြောင်း လွှတ်တော်အမတ် အလန်ဘတ်က ဖေ့ဘုတ်မှာ ရေးသားပါတယ်။

ဒီလို စီးနင်းမှု ပြုလုပ်တဲ့ လုံခြုံရေးအမှုထမ်းတွေဟာ အေပက်အစည်းအဝေးကာလမှာ လုံခြုံရေးတာဝန်တွေ ထမ်းဆောင်ခဲ့ရတာကို အပိုဆုကြေး လိုချင်လို့ တောင်းဆိုနေကြသူတွေဖြစ်ကြောင်း အတိုက်အခံ လွှတ်တော်အမတ် ဘရိုင်ယန်ကရာမာကလည်း ဖေ့ဘုတ်မှာ ပို့စ်တင်ထားပါတယ်။

ရဲကော်မရှင်နာမင်းကြီးရယ်၊ ကရာမာနဲ့ လုံခြုံရေးအမှုထမ်းတွေကို ကိုယ်စားပြုသူတွေဟာ ဒီအပိုဆုကြေး ပေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးအပြီးမှာ ပူးပေါင်းလုံခြုံရေးလုပ်ငန်းစဉ်တပ်ဖွဲ့ အဖွဲ့ဝင်တွေက ခုလို စီနင်းကြတာလည်း ဖြစ်တယ်လို့ ကရာမာက ပြောပါတယ်။

ကရာမာ ရိုက်ကူးထုတ်လွှင့်လိုက်တဲ့ ဗီဒီယိုမှာ ပါလီမန်အဆောက်အအုံအတွင်း မှန်ကွဲစတွေ၊ စားပွဲကုလားထိုင်အကျိုးအပဲ့တွေ၊ လုံခြုံရေးစကင်နာဖတ်ရာ ဝင်ပေါက် ပြိုလဲကျနေတာတွေကို မြင်တွေ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required