စပွန်ဆာနဲ့ ခေတ်သမီးပျိုတွေအကြောင်း ပုံဖော်ထားတယ်ဆိုတဲ့ You မြန်မာဗီဒီယိုဇာတ်ကားမိတ်ဆက်

စပွန်ဆာနဲ့ ခေတ်သမီးပျိုတွေအကြောင်း ပုံဖော်ထားတယ်ဆိုတဲ့ You မြန်မာဗီဒီယိုဇာတ်ကားမိတ်ဆက်

ရန်ကုန်   နိုဝင်ဘာ   ၂၀ ။        ။ မြန်မာဗီဒီယိုဇာတ်လမ်းတွေနဲ့ အထူးထင်ရှားခဲ့တဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မယ်မင်းဘုံက You လို့ အမည်ပေးထားတဲ့ မြန်မာဗီဒီယိုဇာတ်ကားကို မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့၊ နေ့လယ်ပိုင်းက You ဗီဒီယိုဇာတ်ကားမှာ အဓိက ပါဝင်ထားတဲ့သရုပ်ဆောင်တွေနဲ့အတူ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဇာတ်ကားဟာ အလှအပနဲ့အပျော်အပါးမက်တဲ့မိန်းကလေးငယ်တွေ စပွန်ဆာအားကိုးမိတဲ့အတွက် လမ်းမှားရောက်တတ်ကြပုံ တွေကို ပညာပေးအနေနဲ့ရိုက်ကူးထားတာဖြစ်တယ်လို့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။

" ဒီဟာကတော့ ဒီနေ့ခေတ်မှာဖြစ်နေတဲ့ စပွန်ဆာဇာတ်လမ်းပေါ့နော်။ စပွန်ဆာတွေကို အခြေခံထားတဲ့ ဇာတ်လမ်း။ မိန်းကလေးတွေ ပိုက်ဆံမရှိတဲ့ အခါကျရင် သူတို့ကလမ်းမှားရောက်သွားတယ်ပေါ့။ အဲဒီဟာက မကောင်းဘူးပေါ့နော်။ အဲဒါကို မက်ဆေ့ပေးချင်တဲ့အနေနဲ့ ဒီဗီဒီယိုကားလေးကို ရိုက်ကူးဖြစ်တာပါ။" လို့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။

ဒါ့အပြင် ဒီဇာတ်လမ်းဟာ အပြင်ကဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပြီး ဒီဇာတ်ကားမှာ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်သစ် မင်းသား လီယိုရှိုင်းရဲ့သရုပ်ဆောင်မှုတွေဟာ ထူးခြားပြီး ဇာတ်ကောင်စရိုက်နဲ့လည်းထပ်တူကျတယ်လို့ ဆိုပါတယ်။

" ဒီဇာတ်ကားထဲမှာ ပါတဲ့ ဦးမာန်ထက်က တကယ့်စီးပွားရေးလုပ်ငန်းရှင်၊ လက်ရှိအပြင်မှာရှိနေတဲ့ပုံစံမျိုးပဲ။ သူလုပ်စရာရှိတာ လုပ်တယ်။ သူအနားယူစရာရှိတာလည်း ယူတယ်။ ကျန်တဲ့အချိန်မှာ အနားယူတယ်။ မှန်တာ ပြောရရင် ကျွန်တော်လည်း အပြင်မှာ အဲဒီလိုပဲ။ အလုပ် လုပ်စရာရှိလုပ်တယ်။ ခရီးသွားတယ်။ အဲဒီ ဇာတ်ကောင်စရိုက်က တော်တော်လေးကောင်းပါတယ်။" လို့ သရုပ်ဆောင်သစ် မင်းသား လီယိုရှိုင်းက ပြောပါတယ်။

လက်ရှိ မြန်မာဗီဒီယိုစျေးကွက်အနေအထားက အေးနေပေမယ့် ပရိုဂျူဆာဘက်က လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ အတွက် ဒီဇာတ်ကားကို အချိန်ယူပြီးရိုက်ကူးပုံဖော်ဖြစ်တယ်လို့လည်း ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
 
" အဓိကကတော့ ပရိုဂျူဆာရဲ့ကမ်းလှမ်းမှုရယ်၊ မင်းသားကလည်း ရိုက်ချင်တဲ့အခါကျတော့ သူနဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းကို ရိုက်ဖြစ်တာပေါ့နော်။ ဗီဒီယိုစျေးကွက်တွေ ကျဆင်းလာတဲ့အပေါ်မှာတော့ ဒါက အားလုံးသိတဲ့ အတိုင်း၊ ဗီဒီယိုစျေးကွက်အခြေအနေတွေက နည်းနည်းအေးတဲ့အနေ အထားဘက်ကို ရောက်နေတာပေါ့။ ဒါပေမယ့် ပရိုဂျူဆာဘက်ကလုပ်ပိုင်ခွင့် ပေးတဲ့အခါကျတော့ ဒီလိုမျိုးသပ်သပ်ရပ်ရပ် အရည်အသွေးမြင့်တဲ့ ဇာတ်ကားလေးတစ်ကား ထွက်လာတာပေါ့နော်။" လို့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မယ်မင်းဘုံက ဆိုပါတယ်။

ဒီဇာတ်ကားမှာ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ မယ်မင်းဘုံက ရိုက်ကူးပုံဖော်ထားပြီး မင်းသား လီယိုရှိုင်း၊ လင်းအောင်ခေတ်၊ နန်းမြတ်ဖြိုးသင်း၊ ဆုအိမ့်စံ၊ အကယ်ဒမီ ခင်မို့မို့အေးတို့က အဓိက ပါဝင်သရုပ်ဆောင် ထားပြီး Sweet & smile ရုပ်ရှင်နှင့်ဗွီဒီယိုထုတ်လုပ်ရေးကနေ နိုဝင်ဘာ လကုန်မှာ ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required