ဖေ့စ်ဘွတ်နှင့် ဆိုရှယ်မီဒီယာများတွင် တည်ဆဲဥပဒေနှင့်ငြိစွန်းပါက အရေးယူရန် အစိုးရ စီစဉ်နေ

ဖေ့စ်ဘွတ်နှင့် ဆိုရှယ်မီဒီယာများတွင် တည်ဆဲဥပဒေနှင့်ငြိစွန်းပါက အရေးယူရန် အစိုးရ စီစဉ်နေ

နေပြည်တော်(နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၈ခုနှစ်)။ ။ အများသူငှာ ဝင်ရောက်ကြည့်ရှုနိုင်သော ဖေ့စ်ဘွတ်၊ မက်ဆင်ဂျာနှင့် တွစ်တာ အစရှိသော လူမှုကွန်ယက်များမှ တစ်ဆင့် အမုန်းစကားများအပါအဝင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးစေမည့် ပြုမူဆောင်ရွက်ချက်များကို စောင့်ကြည့်နေပြီး တည်ဆဲဥပဒေနှင့်ငြိစွန်းပါက အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးကျော်မျိုးက ပြောကြားလိုက်သည်။

 အဆိုပါ ပြုမူဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတရုံးခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသည့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး အဖွဲ့(Social Media Mtnitoring Team)က စောင့်ကြည့်ဖော်ထုတ်လျက်ရှိပြီး လက်ရှိတွင် လည်း ပြည်သူလူထုအား ပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်းနှင့် ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ပူးပေါင်းညှိနှိုင်းလျက်ရှိသည်ဟု ၎င်းက ပြောသည်။

  “တည်ဆဲဥပဒေနှင့်ငြိစွန်းတဲ့ ကိစ္စရပ်များအတွက် သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာန၊ အဖွဲ့အစည်းတို့မှ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၂ဝရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးကျော်မျိုးက ပြောကြားသည်။

 မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်း မေးမြန်းသည့် ဆိုရှယ်မီဒီယာစောင့်ကြည့် ရေး လုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် ညီညွတ်မှု ရှိ၊ မရှိနှင့် နိုင်ငံတော် သမ္မတရုံး၏ အထူးရန်ပုံငွေသုံးစွဲမှုမူဝါဒနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ်လာရောက်ဖြေကြားစဉ် ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေ့စ်ဘွတ်နှင့် အခြားဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းရန် Social Media Mtnitoring Team ကို ဖွဲ့စည်းခွင့်ပြုပါရန် တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုနှစ် ဖေဖော်ဝါရီ ရရက်တွင် နိုင်ငံတော် သမ္မတရုံးက ယင်းအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။

Social Media Mtnitoring Team ၏ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူရန် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၆,၄၂၆ သန်း သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်အမတ်လည်းဖြစ်သူ ဒေါက်တာမောင်သင်းက သမ္မတ၏ ဖွံ့ဖြိုးရေးရန်ပုံငွေသည် သဘာဝဘေးအန္တရာယ်ကဲ့သို့ အရေးပေါ် အခြေအနေများတွင် သုံးစွဲရန် ဖြစ်သဖြင့် ထိုသို့ ဆက်သွယ်ရေးပစ္စည်း ဝယ်ယူမှုသည် အရေးပေါ်ရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့် ညီ၊ မညီ မေးခွန်းထုတ်ခဲ့သည်။

ဒုဝန်ကြီး ဦးကျော်မျိုးကမူ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း များကို လျင်မြန်စွာ အထောက်အကူပြုနိုင်ရန် မသုံးစွဲလျင်မဖြစ်သည့် အရေးပေါ်ကိစ္စဖြစ်သည့်အတွက် တည်ဆဲ ဥပဒေများနှင့် ညီသလို အရေးပေါ်ရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့်လည်း ကိုက်ညီမှုရှိသည်ဟု လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

“အနောက်ဘက်(ရခိုင်ပြည်နယ်မြောက်ပိုင်း)မှာ ဖြစ်တဲ့ ပဋိပက္ခ၊ အကြမ်းဖက်တိုက််ခိုက်မှုတွေဟာဆိုရင် ဒီဟာက သူတို့က မက်ဆင်ဂျာတို့၊ Twiter တို့က တဆင့် အကြမ်းဖက်သမားတွေက အချင်းချင်းဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့ သတင်းအချက်အလက် ရရှိတဲ့အတွက် အရေးပေါ်အနေနဲ့ ဒီဟာကို ဖြေရှင်းနိုင်ဖို့ အတွက်ကို စပြီးတော့ အဓိက ရည်ရွယ်ချက်ကတော့ ဒါပါပဲ” ဟု လွှတ်တော်အစည်းအဝေး ခေတ္တရပ်နား ချိန်တွင် ဦးကျော်မျိုးက ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ လူမှုကွန်ယက်ပေါ်က အမုန်းစကား(Hate Speech)များကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်သောကြောင့် ထိုသို့ စောင့်ကြည့်ရေး လုပ်ဆောင်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် အစိုးရ၏ အဆိုပါ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအစီအစဉ်သည် အမုန်းစကားများကို တားဆီး၊ ကာကွယ်နိုင်ခြင်းမရှိကြောင်း လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက ဝေဖန် ပြောဆိုသည်။

“လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နားလည်ထားတာကတော့ Hate Speech ဟန့်တားတယ်လို့ နားလည်ထားပါတယ်။ ဒါပေမယ့် ဥပမာအားဖြင့် တခြားဘာသာကို အနည်းအကျဉ်းထိခိုက်ရင် ပိတ်ပင် တာတွေသာ တွေ့ရပြီး ကျွန်တော်တို့နိုင်ငံက လူအများဆုံးကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို အတုံးလိုက်၊ အတစ်လိုက် တိုက်ခိုက်နေတာတွေကိုတော့ မတွေ့ရပါဘူး” ဟု ဒေါက်တာမောင်သင်းက ပြောသည်။

အဆိုပါ အမုန်းစကားများကို ထိန်းကျောင်းရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၆ခုနှစ် ကတည်းက အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေမူကြမ်းကို ရေးဆွဲနေသော်လည်း လက်ရှိအချိန်ထိ လွှတ်တော်သို့ ရောက်မလာသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required