မြန်မာနိုင်ငံ၏ အထင်ကရ ခရစ်ယာန်ခေါင်းဆောင် ကာဒီနယ်လ်ချားလ်စ်ဘို၏ သက်တော် ရဝ ပြည့် မွေးနေ့အတွက် ကောက်ခံရရှိသည့် အလှူငွေများ၊ လှူဖွယ်ပစ္စည်းများကို မြစ်ကြီးနား၊ဗန်းမော်နှင့် လားရှိုးရှိ စစ်ရှောင်စခန်းများသို့ ပေးပို့မည်ဟု သိရသည်။
အလိုအပ်ဆုံးသော နေရာများထဲမှ ထိုနေရာတို့ကို ရွေးချယ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မွေးနေ့အမှတ်တရ လှူဒါန်းမည်ဟု ကာဒီနယ်လ်၏ အတွင်းရေးမှူး ဖာသာရ်ဒေါမနစ်ဇာဗီနူးက Myanmar Now ကို ပြောသည်။
“အဓိကကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေးရှုပြီးတော့လှူမှာ။ အဲဒီနေရာတွေက ပိုပြီးတော့ဆင်းရဲတယ်။ စစ်ရှောင်၊ ဒုက္ခသည်တွေရှိတာကြောင့် အခြေခံလိုအပ်ချက်တွေ ပိုပြီးတော့ လိုအပ်မယ် လို့ထင်တာကြောင့် အဲဒီနေရာတွေကို ရွေးပြီးတော့ မွေးနေ့ကုသိုလ်လှူတာပါ” ဟု ဖာသာရ်ဒေါမနစ်ဇာဗီနူးကမိန့်သည်။
အလှူအတွက် ဆရာတော်ကြီးကိုယ်တိုင် စခန်းများသို့ သွားရောက်ရေးအတွက် မဆုံးဖြတ်ရသေးဟု ဆိုသည်။
ဆရာတော်ကြီး၏ မွေးနေ့ အထိမ်းအမှတ် အစီအစဉ်မျိုးကို ယခင်နှစ်များက မတွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က စစ်ရှောင်စခန်းများသို့ ပုံမှန် လှူဒါန်းထောက်ပ့ံလေ့ ရှိကြောင်း သိရသည်။
၂ဝ၁၁ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကချင်နှင့်ရှမ်းပြည်နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၁ဝရ,ဝဝဝ ခန့် ရှိနေသည်ဟု ကုလသမဂ္ဂက စက်တင်ဘာလတွင် ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ချားလ်စ်ဘိုကို ပုပ်ရဟန်းမင်းကြီးက ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာကက်သလစ်များထဲမှ ပထမဆုံး ထိုသို့ တာဝန်ပေးခံရခြင်း ဖြစ်ပြီး ထိုခန့်အပ်မှုသည် ကက်သလစ်ခရစ်ယာန်သာသာနာ မြန်မာပြည်သို့ ရောက်ရှိသည့် နှစ်၅၀၀ ပြည့်အခါသမယနှင့်လည်းတိုက်ဆိုင်နေသည်။
၀ါတော် ၂၈၀ါ ရှိသည့် ကာဒီနယ်လ် ချားလ်စ်ဘိုသည် မကြာသေးမီ ရက်ပိုင်းအတွင်း အာရှရေးရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှာလည်း ဥက္ကဋ္ဌတစ်ဦးအဖြစ် ကြေညာခံခဲ့ရသည်။
ကာဒီနယ်လ်ချားလ်စ်ဘိုသည်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စိတ်ရှည်ပေးကြရန်နိုင်ငံတကာသို့ မေတ္တာရပ်ခံလျက်ရှိသည်၊ နိုင်ငံအတွင်း အမုန်းတရား ပြန့်ပွားရေးလုပ်ဆောင်မှုများကို ဟန့်တားကြရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်ကူညီကြရန် အဆက်မပြတ် တိုက်တွန်းခဲ့သည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။