လူမှုဖူလုံရေးပေးသွင်းထားသော သေဆုံးဝန်ထမ်းများအတွက် အကျိုးခံစားခွင့်များ ပေးအပ်

လူမှုဖူလုံရေးပေးသွင်းထားသော သေဆုံးဝန်ထမ်းများအတွက် အကျိုးခံစားခွင့်များ ပေးအပ်

မုံရွာ၊ နိုဝင်ဘာ ၂၀ ။              ။ ယာဉ်မတော်တဆဖြစ်ပွားပြီး သေဆုံးခဲ့တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ယာဉ်မောင်း အလုပ်သမား တစ်ဦး အပါအဝင် မုံရွာမြို့နယ် လူမှုလုံရေးရုံးတွင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၃)ဦးကို နိုဝင်ဘာ ၂ဝရက်က မုံရွာမြို့၊တိုင်းဒေသကြီးလူမှုဖူလုံရုံးတွင် အကျိုးခံစားခွင့်ငွေကျပ်သိန်း (၂၀၀) ကျော်ကို ပေးအပ် ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် မုံရွာမြို့၊ မြန်မာဝမ်းပေါင်ကုမ္ပဏီမှ သေဆုံးသူအလုပ်သမားတစ်ဦး၏ ကျန်ရစ်သူ မိသားစု ကို ငွေလုံးငွေရင်းနှင့် နာရေးစရိတ်အဖြစ် ငွေကျပ်သိန်း (၁၀၀)ကျော်၊ မုံရွာမြို့၊ မြန်မာ့မီးရထား ဌာနမှ သေဆုံး သွားသော ဝန်ထမ်းတစ်ဦးအတွက် ကျန်ရစ်သူမိသားစုကို ငွေလုံးငွေရင်းနှင့် နာရေးစရိတ်အဖြစ် ငွေကျပ် (၆၇) သိန်း ကျော်နှင့် မုံရွာမြို့၊မြန်မာယန်စီကော့ပါးလီမိတက်မှ အလုပ်သမားတစ်ဦးအတွက် အမြဲတမ်းမသန်စွမ်းမှု အဖြစ်ငွေကျပ် သိန်း(၅၀)ကျော်ကို ပေးအပ်ခဲ့သည်။

“အာမခံရရှိတဲ့ ပုဂ္ဂိုလ်များကလည်း မိမိတို့ရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို အစိုးရအဖွဲ့အနေနဲ့ ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီး နောင်လာမယ့် ကျန်ရစ်တဲ့မိသားစုတွေ အကျိုးရှိရှိနဲ့ အသုံးချပေးစေလိုပါတယ်။ဒီငွေလေးတွေဟာ ကျန်ရစ်တဲ့ မိသားစုတွေအတွက် စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး သားသမီးတွေရဲ့ ပညာရေးအပေါ်မှာ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ပေးပါ”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

မုံရွာမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအတွက်၂၀၁၂ လူမှုဖူလုံရေးဥပဒေနှင့်အညီ သေဆုံးသူ အာမခံအလုပ်သမားများ၏ ကျန်ရစ်သူမိသားစုဝင်တွေကို ကျန်ရစ် သူအကျိုးခံစားခွင့် (ငွေလုံးငွေရင်း)၊အမြဲတမ်းမသန်စွမ်းမှု(ငွေလုံးငွေရင်း) များအတွက် လူမှုဖူးလုံရေးအကျိုးခံစားခွင့်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“အခုလို လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ကိစ္စ၊ အလုပ်ရှင်ရဲ့အကျိုးဆောင်ရွက်ရာမှာဖြစ်စေ မတော်တဆ ထိခိုက်မှု ဖြစ်ပြီး သေဆုံးခဲ့ရင် အခုလိုမျိုးခံစားခွင့် ရှိတယ်ဆိုတာ သိရတဲ့အပြင် မည့်သည့်အကြောင်းကြောင့်မဆို သေဆုံး ပါက နာရေးစရိတ်ကိုပါ ခွင့်ပြုကူပေးတယ်။ ဆေးဝါးနဲ့ ဆေးဖိုးငွေတွေကိုလည်း ထုတ်ပေးတာကို သိရတဲ့ အတွက် အတိင်းမသိ ဝမ်းသာပါတယ်”ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သမား ဦးထက်ဖြိုးအောင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် လူမှုဖူလုံရေးလုပ်ငန်းများကို တိုင်းဒေသကြီးရုံးနှင့် ရုံးခွဲပေါင်း ၆ ရုံး၊ လူမှုဖူလုံရေး ဆေးခန်းပေါင်း (၇)ခန်း၊ ဌာနကြီး ဆေးခန်းပေါင်း (၄)ခန်း ဖွင့်လှစ်၍ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 မုံရွာမြို့နယ် လူမှုဖူရေးရုံးတွင် ၂၀၁၈ ခုနှစ် ဇန်ဝါနဝါရီလမှ ဇွန်လအထိ မီနီဘတ်ဂျက်အရ အမှုတွဲပေါင်း (၄၀၀၀)ကျော်အတွက် အကျိုးခံစားခွင့် ငွေကျပ်သိန်း(၂၀၀၀)ကျော်ကို အာမခံအလုပ်သမားများအား ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly