စပိန်လက်ရွေးစင်အသင်းအတွက် ပေးဆပ်ကစားပေးခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားကို ဂုဏ်ပြုပေးခဲ့

စပိန်လက်ရွေးစင်အသင်းအတွက် ပေးဆပ်ကစားပေးခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားကို ဂုဏ်ပြုပေးခဲ့

တနင်္ဂနွေနေ့က စပိန်အသင်းနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ကစားခဲ့ကြတဲ့ ခြေစမ်းပွဲမှာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားကို နိုင်ငံအသင်းအတွက် ကစားပေးခဲ့မှုအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုပွဲကျင်းပခဲ့ပါတယ်။

စပိန်အသင်းမှာ ၁၂ နှစ်တာကစားခဲ့ပြီး ပွဲပေါင်း ၁၂၅ ပြည့်ခဲ့တဲ့ ဆေးလ်ဗားဟာ နံပါတ် ၁၂၅ ရိုက်နှက်ထားတဲ့ အထိမ်းအမှတ် စပိန်အသင်းဂျာစီနဲ့ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတာပါ။

ကမ္ဘာ့ဖလား ၁ ကြိမ်နဲ့ ယူရိုဖလား ၂ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဆေးလ်ဗားဟာ ဒီနှစ်အစောပိုင်း သြဂုတ်လက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့စပိန်လက်ရွေးစင်အသင်းနဲ့ ပွဲထွက်ကို ၂၀၀၆ ခုနှစ်က ရိုမေးနီးယားအသင်းနဲ့ ပွဲစဉ်မှာ စတင်ကစားခဲ့ပြီး  ၃၅ ဂိုး သွင်းပေးခဲ့ပြီး ၃၂ ကြိမ်ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဆေးလ်ဗားနဲ့ ပတ်သက်ပြီး စပိန်အသင်းနည်းပြ လူးဝစ် အင်းနရစ်က “ဒေးဗစ် ဆေးလ်ဗားရဲ့ အနားယူရတဲ့ အကြောင်းရင်းကို ကျနော် နားလည်ပါတယ်။ ကျနော်က ယခုလက်ရှိကာလကို အာရုံစိုက်ပြီး အခုအချိန်မှာ ကျနော့်အသင်းအကြောင်းကိုပဲ တွေးနေပါတယ်။ သူက ထူးခြားကောင်းမွန်တဲ့ ကစားသမားဖြစ်သလို နိုင်အသင်းအတွက်လည်း အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သူပါ။ ခင်ဗျားဟာ သူနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေကို ဘယ်တော့မှ ကြားရမှာ မဟုတ်ပါဘူး။ ကျနော်တို့ သူ့ကို လက်ပြနှုတ်ဆက်ပေးနိုင်လို့ ကျနော် ဝမ်းသာပါတယ်။”လို့ ဆိုပါတယ်။

ဆေးလ်ဗားဟာ ဂုဏ်ပြုပွဲအခမ်းအနားကို ၁၀ လအရွယ် သူ့ရဲ့သား မာတီယိုနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ သူဟာ စပိန်အသင်းနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ရဲ့ ပွဲစဉ်ရဲ့ စပေးဘောကို ကန်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ဆေးလ်ဗားရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝ မှတ်တမ်း

ကစားခဲ့တဲ့ပွဲပေါင်း - ၁၂၅ ပွဲ
သွင်းယူခဲ့တဲ့ ဂိုး - ၃၅
ဂိုးဖန်တီးခဲ့တဲ့အကြိမ် - ၃၂
ဆုဖလားအောင်မြင်မှု - ယူရိုဖလား (၂၀၀၈၊ ၂၀၁၂)၊ ကမ္ဘာ့ဖလား (၂၀၁၀)

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly