ချီကာဂို ဆေးရုံမှာ ပစ်ခတ်မှုဖြစ်၍ လူများစွာ ထိခိုက်ဒဏ်ရာရ

ချီကာဂို ဆေးရုံမှာ ပစ်ခတ်မှုဖြစ်၍ လူများစွာ ထိခိုက်ဒဏ်ရာရ
Photo: EPA

ချီကာဂို၊ နိုဝင်ဘာ ၁၉ ။         ။ အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ဆေးရုံတစ်ရုံမှာ တနင်္လာနေ့က သေနတ်သမားတစ်ဦး ပစ်ခတ်မှု ကျူးလွန်တာကြောင့် ဒဏ်ရာရသူများစွာ ရှိခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရသူတွေမှာ ရဲတစ်ဦးလည်း ပါဝင်ပြီး သူ့ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မာစီဆေးရုံမှာ ပစ်ခတ်မှု ဖြစ်ပွားတာဖြစ်ပြီး ဆေးရုံပြင်ဖက် ကားရပ်နားကွင်းကနေ သေနတ်သံတွေ စကြားရတာလို့ လူနာတွေက ပြောပါတယ်။

အဲဒီ ကားရပ်နားကွင်းမှာ အတူလမ်းလျှောက်လာပုံရတဲ့ အမျိုးသမီးကို အမျိုးသားဖြစ်သူက ပစ်ခတ်လိုက်တာပါ။ အဲဒီ အမျိုးသားဖြစ်သူဟာ အမျိုးသမီးရဲ့ ရင်ဘတ်ကို သေနတ်သုံးချက်အထိ ပစ်ခတ်ခဲ့ပါတယ်။

“အမျိုးသမီးက မြေပေါ်လဲကျနေပြီးနောက်မှာ အဲဒီသေနတ်သမားက သူအပေါ်ကနေ သေနတ်နဲ့ သုံးချက် ပစ်လိုက်တာပါ။ အဲဒီသေနတ်သမား ပြုမှုကျူးလွန်တဲ့ပုံစံဟာ လူဆိုးလူမိုက် ရုပ်ရှင်ကားတွေထဲက အတိုင်းပဲ။”လို့ လမ်းသွားလမ်းလာတစ််ဦးက ပြောပါတယ်။

အနက်ရောင် ဝတ်စုံဝတ် ဒီသေနတ်သမားက အမျိုးသမီးဖြစ်သူကို ပစ်ခတ်ပြီးချင်း ချက်ချင်းဆိုသလို ရဲတာဝန်ရှိသူတစ်ဦး ရောက်လာပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ကြပါတယ်။

ဒီနောက်မှာ သေနတ်သမားဟာ ဆေးရုံထဲ ပြေးဝင်လာပြီး ပစ်ခတ်တာပဲ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှှာ သေနတ်သမားအပါအဝင် လူနှစ်ဦး သေဆုံးတယ်လို့ ABC သတင်းဌာနက ပြောပေမယ့် လတ်တလော အတည်ပြုလို့ မရနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းနှှှစ်ပတ်လောက်ကလည်း ကောလိပ်ကျောင်းသားတွေ အများစုရှိနေတဲ့ ကယ်လီဖိုးနီးယား မြူးဇစ်ဘားမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီလို သေနတ်ကိုင်ပစ်ခတ်တွေ နိုင်ငံအတွင်း ဖြစ်ပွားနေတာကြောင့် လက်နက်ကိုင်ဆောင်ခွင့် စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly