ဆက်သွယ်ရေးတာဝါတိုင်မှ ဘက်ထရီခိုးယူသူများကို ဖမ်းဆီး

ဆက်သွယ်ရေးတာဝါတိုင်မှ ဘက်ထရီခိုးယူသူများကို ဖမ်းဆီး

မကွေး၊ နိုဝင်ဘာ ၁၉ ။               ။ မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့တွင် MPTဆက်သွယ်ရေးတာဝါတိုင်မှ ဘက်ထရီခိုးယူသူများအား နိုဝင်ဘာ၁၉ရက် နေ့လယ်၂နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ရေနံချောင်းမြို့ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ်၊ကျောင်းရာကန်ကျေးရွာအနီးရှိ MPTဆက်သွယ်ရေးတာဝါတိုင် အမှတ်(MGW 000 350)တံခါးမှ အချက်ပြနေ၍ မကွေးမြို့MPTရုံးချုပ်မှနယ်မြေတာဝန်ခံအားသွားရောက်ကြည့်ရှုခိုင်းရာ ၊ တာဝါတိုင်ဘက်ထရီခန်းရှိ တစ်လုံးလျှင် ကျပ်၅သိန်းခန့် တန်ဖိုးရှိသောဘက်ထရီအိုး၂၄,လုံးပျောက်ဆုံးနေကြောင်းသိရှိရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍MPTရုံးချုပ်မှ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မိုးညိုထံသို့ အကြောင်းကြားခဲ့သဖြင့်  သွားရောက်စစ်ဆေးခဲ့ရာ နောက်လမ်းတွင်ရပ်တန့်ထားသည့် အဖြူရောင်Light Truck ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့်စစ်ဆေးရာ ကားနောက်တွင်ထိုင်နေသည့်ဇော်ဇော်(အောင်ဆန်းရပ်နေသူ)အားတွေ့ရပြီး ကားပေါ်တွင်နီပြာဝါ ဘက်ထရီကလစ် တစ်ခု၊သံတုတ်၂ချောင်း၊ဂေါ်ပြားတစ်လက်၊လေးခွတစ်လက်၊ဒါးရှည်တစ်ချောင်း၊ဒါးမြှောင်အကြီးတစ်လက်တို့အားတွေ့ရသဖြင့်စစ်ဆေးနေစဉ် ဖြူပြာကြားHONDA CB400 ဆိုင်ကယ်နံပါတ်၁၃ယ/၉၁၈၀၃ဖြင့် မောင်သူရဖြိုးဝေ (လိုက်ထရပ်ယာဉ်အားမောင်းနှင်သူ)၊သုံးဆယ့်ခြောက်၊အိုးဘိုကျေးရွာနေသူနှင့်မောင်သော်ဇင်အောင်၊အိုးဘိုကျေးရွာနေသူတို့ရောက်ရှိလာသဖြင့် မေးမြန်းရာ တစ်ဖွဲ့တည်းဖြစ်ကြောင်း သိရပြီးဆက်လက်မေးမြန်းရာ၊MPTတာဝါတိုင်အမှတ်(MGW 000 350)မှဘက်ထရီအိုး ၂၄လုံးအားခိုးယူပြီး မကျီးပင်စုကျေးရွာအနီး တောစပ်တွင် ဝှက်ထားခဲ့သည်ဟုစစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ(ပ)အမှတ်၆၄/၂၀၁၈လက်နက်ဥပဒေပုဒ်မ၁၉/ငအရနှင့်(ပ)အမှတ်၆၅/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၃၈ဝဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly