ရင်းနှီးမြှပ်နှံမှုများကို အစွမ်းကုန်မြှင့်တင်နိုင်ရန် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခြင်းဟုဆို

ရင်းနှီးမြှပ်နှံမှုများကို အစွမ်းကုန်မြှင့်တင်နိုင်ရန် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခြင်းဟုဆို
ဓာတ်ပုံ-EPA

နေပြည်တော်၊ အောက်တိုဘာ ၁၉ ။           ။ ပြည်တွင်းနှင့် ပြည်ပမှ စီးပွားရေးရင်းနှီးမြှပ်နှံမှုများကို အစွမ်းကုန်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ဖြည့်စွက်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောသည်။

“နိုင်ငံတကာမှ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှပ်နှံလိုမှုပုံရိပ် ပိုမိုကောင်းမွန်လာစေရး၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ လျင်မြန်စွာဖော်ထုတ်ပေးနိုင်ရေး၊ အာဆီယံ မြန်မာ မဲခေါင် ဒေသခွဲ(ဘင်းစတက်) စသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၊ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများအကြား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက်” ဖြည့်စွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါ ဝန်ကြီးဌာန အသစ်တစ်ခုကို ဖွဲ့စည်းရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များကို နိုင်ငံတော်သမ္မတကိုယ်စား တာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုအဖွဲ့အစည်းဝင် ဦးထွန်းထွန်းဦးက ပြန် လည် ရှင်းလင်းရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

ယနေ့ အစည်းအဝေးတွင်း အဆိုပါ ဝန်ကြီးဌာနအသစ်တစ်ခုဖွဲ့စည်းရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်မည့်သူ မရှိဘဲ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် တာဝန်သိနိုင်ငံဖြစ်ရေး၊နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ် သည့် နိုင်ငံတကာမှ ပေးအပ်သည့်ချေးငွေများကို ကာလတိုအတွင်း အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်ရေး၊ ရင်းနှီးမြှပ်နှံမှု ဦးစားပေးမူဝါအခွင့်အလမ်းနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်မထိခိုက်စေရေး ဘေးထွက်ဆိုးကျိုး ဖြစ်စေမည့် လူမှုစီးပွားရေးကို ကြိုတင်ကာကွယ်ရေးနိုင်ရန်အတွက် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ဖွင့်လှစ်မည့်ဝန်ကြီးဌာနအသစ်ကို လက်ရှိစီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထား သည့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခွဲထုတ်သွားမည ်ဖြစ်ကြောင်း သိရသည်။

ထို့အတွက်ကြောင့် “လတ်တလောမှာဝန်ထမ်းအင်အား အဆောက်အဦ၊ မော်တော်ယာဉ် ဘဏ္ဍာငွေ လျာထားချက် စသည်များကိုလည်းထပ်မံတိုးချဲ့ရန်လိုမည်မဟုတ်”ကြောင်း ၄င်းက ဆက်လက်ပြောသည်။

၄င်းဌာနအသစ်မှ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ရင်းနှီးမြှပ်နှံမှု သတင်းအချက်အလက် များကို လျင်မြန်စွာရရှိခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် အချိန်နှင့်တပြေးညီပေါင်းစပ်ပေးခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို့အပြင် ရင်းနှီးမြှပ်နှံသူများအကြား အငြင်းပွားမှုများနှင့် နစ်နာဆုံးရှုံးမှုများကို ကူညီဖြေရှင်းပေးခြင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံမှု များပြားလာသည်နှင့်အမျှ ပြည်တွင်းတွင်လိုအပ်နေသည့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိလာသည့် အကျိုးကျေးဇူးများအပြင် နိုင်ငံတွင်းငွေကြေးတန်ဖိုးတည်ငြိမ်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်သည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ယခု လက်ရှိ ဖွင့်လှစ်မည့်ဝန်ကြီးဌာနနှင့် ဆိုလျှင် ဝန်ကြီး၂၅ ခုအထိ ရှိလာ မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required