ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်နေရာတွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်နေရာတွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်
ဓာတ်ပုံ - မိုးဇလ

ရန်ကုန်၊ နိုဝင်ဘာလ ၁၉ ။              ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသောအီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဆက်လက် တည်ရှိနေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၉ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထိုသို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့၊ နံနက်ပိုင်းအထိ ခန့်မှန်းထားချက်အရ တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန် ရာနှုန်း ၈ဝ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ် ကြောင်း မိုး/ ဇလမှ ထုတ်ပြန်ထားသည်။

 မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး  လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၂ ပေမှ  ၅ ပေခန့် ရှိနိုင်ကြောင်း သတိပေး ထားသည်။

နောက်၂ ရက်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်ဖြစ်ပြီးနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် နိုဝင်ဘာလ ၂ဝ ရက်နေ့၊ နံနက်ပိုင်းအထိ ခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly