KNU၊ RCSS၊ KNPP၊ KIO အဖွဲ့များနှင့် အစိုးရတို့ အလွတ်သဘောတွေ့ဆုံ

KNU၊ RCSS၊ KNPP၊ KIO အဖွဲ့များနှင့် အစိုးရတို့ အလွတ်သဘောတွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ။         ။ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးတွင်တစ်ဆို့နေသောအချက်များကိုဆွေးနွေးရန် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့အပြင် NCA မထိုးရသေးသည့် ကရင်နီအမျိုး သား တိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့နဲ့အလွတ်သဘောတွေ့ဆုံခဲ့သည်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် အစိုးရကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာအထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ ပါဝင်ခဲ့ကြောင်း NRPC မှထုတ်ပြန် သည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ သုံးရက်တာအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုက ကျွန်တော်တို့ ညီလာခံပြီးတဲ့ နောက်ပိုင်းမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့က တရားဝင် ဆွေးနွေးမှုတွေ ခေတ္တဆိုင်းငံ့ထားမယ်ဆိုတာကြောင့် အလွတ်သဘောလာရောက်တွေ့ဆုံဆွေးနွေးတာပါ။ နောက် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ KNPP၊ KIO အဖွဲ့တွေနဲ့လည်းတွေ့တယ်။ KNPP နဲ့က ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အောက်ခြေမှာ ရှိနေသူအချို့ ဆောင်ရွက်ချက်ကြောင့် လိုအပ်မှုရှိတာ တွေဆွေးနွေးဖြစ်တယ်။ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းစရာအချက် မကျန်တော့ဘူး။ လက်မှတ် ရေးထိုးဖို့စဉ်းစားဆုံးဖြတ်ဖို့ ကျန်နေတာပဲ ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းပြမှုကြောင့် NCA စာချုပ်ကို မြန်မြန်လက်မှတ်ရေး ထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ KIO ကတော့ ဆွေးနွေးတဲ့ပုံစံထက် သူတို့ဘက်ကရှိတဲ့ သဘောထားကို လာရှင်းပြတဲ့သဘောပါ” ဟုပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးနှင့်အဖွဲ့သည်နိုဝင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ် ခေါင်းဆောင်သည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

KNUအထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက “ အကျေအလည် ညှိနှိုင်းဆွေးနွေးခြင်းနဲ့ မကျေလည်မှုတွေ၊ မတူညီမှုတွေကို အင်အားသုံးဖြေရှင်းခြင်း မပြုရဆိုတဲ့ အရာမျိုးတွေကလည်း ပါနေတဲ့အတွက် ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေးရှုနေပါတယ်။ကျွန်တော်တို့ ပြည်သူလူထုကို ပြောချင် တာကတော့ ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ NCA လမ်းကြောင်းသည် အသင့်တော်ဆုံး လမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ ဒီအခြေခံ ကနေ တစိုက်မတ်မတ်ဆက်သွားမယ်” ဟုဆိုသည်။

ထို့အပြင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်ဦးဆောင်သည့် ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)နှင့်လည်းကောင်း အလွတ် သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြောင်းသိရသည်။

NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အဖွဲ့အတွင်းအခြေအနေများ ကြောင့် လတ်တလော ကျင်းပမည့် ငြိမ်းချမ်း ရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှုယာယီ ဆိုင်းငံ့ ထားကြောင်း NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အောက်တိုဘာ ၂၇ ရက်စွဲ ဖြင့် စာပေးပို့ထားခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်များယာယီရပ်ဆိုင်းခဲ့ရပြီး နိုဝင်ဘာလအတွင်း KNU ၏ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီးနောက် အစိုးရအနေနဲ့ ပထမဆုံးအကြိမ်လာ ရောက်တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင့်အလိုက်အကောင်အထည်ဖော်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ စတုတ္ထ အကြိမ်အစည်းအဝေးများ ကျင်းပနိုင်ရန်ဆောင်ရွက်နေပြီး KNU နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် အလွတ်သဘောတွေ့ဆုံမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစကြောင်း အစိုးရဘက်မှထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required